27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းပူတာအိုတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀ ဦး လက်နက်နှင့်အတူ ထွက်ပြေး

ပူတာအိုတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀ ဦး လက်နက်နှင့်အတူ ထွက်ပြေး

ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀ ဦးသည် လက်နက်နှင့်အတူ ထွက်ပြေးသွားကြောင်း ဒေသခံတို့ထံက သိရသည်။

ဦးတန်ဂူးတန် ဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့ထဲက တပ်သား ၁၀ ဦးသည် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က လက်နက်များနှင့်အတူ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ပူတာအိုမြို့ခံအမျိုးသားတစ်ဦး ယခုလိုပြောပါသည်။

“ပြေးသွားတာက ၁၉ ရက်နေ့ ဟုတ်တယ်။ ဒါပေမယ့် သူတို့က ဒီသတင်းကိုဖုံးထားတာ အပြင်ကိုမထွက်ခိုင်းဘူး။ သူတို့အသိုင်းအဝိုင်းလောက်ပဲ သိတယ်။ ဘယ်ဘက်ကို ထွက်ပြေးသွားလဲတော့ မသိဘူး။ အားလုံးဆယ်ယောက် သေနတ်ကိုယ်စီနဲ့ ထွက်ပြေးသွားတာ” ဟု ၎င်းက ပြောသည်။

ထွက်ပြေးသွားသည့် ပြည်သူ့စစ်တပ်သားများသည် ပူတာအိုမြို့ ဂျူဗလီရပ်ကွက်ရှိ ဦးတန်ဂူးတန်ပြည်သူ့စစ်ရုံး၌ တာဝန်ကျနေစဥ် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ရဲ့အကြီးဆုံးရုံးချုပ်က ဂျူဗလီရပ်ကွက်ထဲမှာလေ။ အဲ့မှာနေတဲ့ တပ်သားတွေဟုတ်တယ်။ ပြောတာတော့ အားလုံးက တာဝန်ကျနေတဲ့အချိန် ပြောတာပဲ။ ဘယ်လို ထွက်ပြေးကြသလဲတော့ အသေးစိတ် မသိရသေးဘူး” ဟု အထက်ပါဒေသခံအမျိုးသားက ဆက်ပြောသည်။

ထွက်ပြေးသွားသူများထဲတွင် အရာရှိအဆင့်တစ်ဦးနှင့် တပ်သား ၉ ဦး ပါဝင်သည်ဟုသိရပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။

ပြည်သူ့စစ်များ ထိုသို့ထွက်ပြေးလွတ်မြောက်နေသည့်အတွက် လက်ရှိ၌ ပူတာအိုမြို့ပေါ်မှာ အစစ်အဆေးများရှိနေသည်ဟုလည်း မြို့ခံအမျိုးသမီးတစ်ဦး ပြောဆိုသည်။

“မနေ့ကအထိတော့ ရဲတွေ အိမ်စီးကားတွေနဲ့ မြို့ထဲပတ်နေတာ။ ပြီးတော့ ညဘက်လည်း လမ်းဆုံလမ်းခွတွေ စစ်တယ်။ နေ့ဆိုလည်း စစ်သားတွေ ပတ်ရှာနေတာ” ဟု ၎င်းက ပြောသည်။

ဦးတန်ဂူးတန်ပြည်သူ့စစ်အဖွဲ့သည် ၂၀၀၉ ခုနှစ် စစ်အစိုးရလက်ထက်က ပြည်နယ်နှင့်တိုင်းဒေသအသီးသီးရှိ ငြိမ်းချမ်းရေးယူထားသော လက်နက်ကိုင်အဖွဲ့အစည်းများကို ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ၌ စစ်ကောင်စီနှင့်ပူးပေါင်းကာ ပူတာအို၊ ခေါင်လန်ဖူးအထိ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။

ပူတာအိုတွင် ပြီးခဲ့သည့် ဇွန်နဝါရီလ ၁၀ ရက်နေ့ကလည်း ပူတာအို ခ.လ.ရ ၄၆ တပ်ထဲက စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နှင့်အတူ ထွက်ပြေးသွားပြီးနောက် တစ်ပတ်ခန့်အကြာမှာ နှစ်ဦးစလုံး ပစ်သတ်ခံလိုက်ရသည့်ဖြစ်စဥ်လည်း ရှိခဲ့သည်။

KNG ပေးပို့သည်။