ပုလောမြို့နယ်အတွင်း လမ်းမတန်းရှိကျေးရွာ ၃ ရွာကို စစ်ကောင်စီမီးရှို့ဖျက်ဆီး

0
129
Photo – မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ပုလော – မြိတ် သွားကားလမ်းမကြီးပေါ်မှ ကျေးရွာချင်းဆက် ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နှစ်ရက်ကြာသည်အထိ လောင်ကျွမ်းနေဆဲဖြစ်သည်ဟု ဒေသခံ ရွာသားများက ပြောဆိုသည်။

ပုလော – မြိတ် ကားလမ်းမပေါ်ရှိ ရွာများဖြစ်ကြသည့် တပို၊ စက်တော်ရာနှင့် ကြဲကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်သည်။

တပိုကျေးရွာနှင့် စက်တော်ရာကျေးရွာအကြားတွင်ရှိသည့် နေအိမ် ၅ လုံးနှင့် ရော်ဘာခြံဧက ၅၀ ကျော်ကို ဇန်နဝါရီလ ၁၁ ရက်နေ့၊ မွန်းလွှဲ ၁ နာရီခွဲခန့်က စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

မီးရှို့ဖျက်ဆီးခံရသည့် ခြံများမှာ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်ထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်သည်ဟု ရွာသားများက ပြောဆိုသည်။

အသက် ၄၀ ခန့်အရွယ် တပိုရွာသားတစ်ဦးက “စက်တော်ရာဘက်မှာ လောင်နေတာကို တောမီးလောင်သလိုမျိုး ဖြစ်နေတယ်။ ညတုန်းက ဝါးမီးပေါက်တဲ့အသံတွေ တဖေါင်းဖေါင်းနဲ့ ကြားနေရတာ။ အခုရာသီက အရှေ့လေ တိုက်နေတဲ့ ရာသီလည်းဖြစ်တယ်။ ခြောက်သွေ့ရာသီလည်းဖြစ်တော့ ပိုဆိုးတာပေါ့။ ရွာသားတွေက ဘေးလွတ်ရာ ရှောင်နေကြရတော့ မငြိမ်းသတ်နိုင်ကြဘူး” ဟု ပြောသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း ကြဲကျေးရွာမှနေအိမ်များကို စစ်ကောင်စီတပ်က ထပ်မံ၍ မီးရှို့ ဖျက်ဆီးနေပြီး နေအိမ်မည်မျှ မီးရှို့ခံရကြောင်းနှင့် နောက်ဆက်တွဲ အခြေအနေကိုမူ မသိရှိရသေးဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းနှင့် တိုက်ခိုက်ခံရပြီးနောက် တပိုကျေးရွာရှိ နေအိမ်နှင့် ရော်ဘာခြံများကို စစ်ကောင်စီတပ်က ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တပိုကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့် အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီလ ၁၁ ရက် နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်က ဒရုန်းဖြင့် ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးခဲ့ပြီး အထိနာခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက တပိုကျေးရွာမှ စက်တော်ရာကျေးရွာဘက်သို့ ပြန်ဆုတ်လာသည့်အချိန်၌ အိမ်နှင့် ခြံများကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း အဆိုပါထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ပုလောမြို့နယ်၊ စက်တော်ရာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၁၇) ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here