ပုလောမြို့နယ်အတွင်းရှိ ပျူစောထီးနေအိမ်တချို့ကို ပြည်သူ့ပိုင်အဖြစ်သိမ်းဆည်း

0
329
ပုံစာ - ပုလောရှိ ပျူစောထီးနေအိမ်များကို ပြည်သူ့ပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းခဲ့သည် (Photo - ပူရိယက္ခညီနောင်စစ်ကြောင်း)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ နတ်အိမ်တောင်ကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် ၄ ဦး၏ နေအိမ်များကို ပြည်သူ့ပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းလိုက်ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့က နတ်အိမ်တောင်ရွာရှိ ပျူစောထီးအဖွဲ့ဝင် ဦးဘမောင်ပါ ၄ ဦး၏ နေအိမ် ၄ လုံးနှင့် ခြံတစ်ခြံကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ချိပ်ပိတ်သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

နတ်အိမ်တောင်ကျေးရွာ ပျူစောထီးအဖွဲ့ဝင်များသည် စစ်ကောင်စီတပ်ဖွဲ့ထံ သတင်းပေးခြင်း ၊ စစ်ကြောင်းထိုးစဉ် လမ်းကြောင်းပြခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ရှင်းလင်းဖို့ သွားရောက်စဉ် ထွက်ပြေးသွားသည့်အတွက် နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

ပျူစောထီးအဖွဲ့ဝင်နေအိမ်များကို ချိပ်ပိတ်ရခြင်းဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေသည့် ပျုစောထီးအဖွဲ့ဝင်များကို သတိပေးခြင်းသည်ဟု ပူရိယက္ခညီနောင် စစ်ကြောင်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောဆိုသည်။

ချိပ်ပိတ်သိမ်းဆည်းထားသည့် ပျူစောထီးအဖွဲ့ဝင်များ၏ နေအိမ်များကို စီမံခန့်ခွဲရေးနည်းလမ်းဖြင့် တာဝန်ရှိသူတို့၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားမည်ဟုလည်း ဆိုထားသည်။

ပုလောမြို့နယ်က ပျူစောထီးကျေးရွာများမှ ပျူစောထီးများသည် တော်လှန်ရေးအင်အားစုတို့၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားပြီး ပျူစောထီးအမာခံရွာဖြစ်သည့် ပုလောကုန်းကျေးရွာတွင် စုပေါင်းနေထိုင်နေကြကြောင်းလည်း သိရသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်သည် တော်လှန်ရေးအင်အားစုများ အားကောင်းသည့်ဒေသဖြစ်ပြီး မြို့ပေါ်လောက်တွင်သာ စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်တော့သည်ဟု သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here