28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းပုလောတွင် နှစ်ဖက်တပ်ကြား စစ်ရေးပြန်လည်တင်းမာနေ

ပုလောတွင် နှစ်ဖက်တပ်ကြား စစ်ရေးပြန်လည်တင်းမာနေ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် တပိုကျေးရွာတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး နှစ်ဖက်တပ်ကြား စစ်ရေးပြန်လည်တင်းမာနေသည်ဟု မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က စက်တော်ရာကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အင်အား ၃၀ ကျော်သည် တပိုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ဒေသတော်လှန်ရေးတပ်ဖွဲ့နှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့တာကြောင့် စစ်ကြောင်းပြန်ထိုးလာနိုင်သည့်အတွက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်သည်ဟု မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပုလောမြို့၊ တပိုကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ ထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီဘက်က နေ့စဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး လေကြောင်းကနေလည်း ကင်းထောက်မှုပြုလုပ်နေကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့ပြောဆိုမှုအရ သိရသည်။

တပိုကျေးရွာထဲ ပြန်လည်နေထိုင်နေကြသည့် ဒေသခံရွာသားများသည် ယခုတိုက်ပွဲကြောင့် ကျေးရွာကနေ ရွာလုံးကျွတ် ပြန်လည်ထွက်ပြေးနေရသည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့က ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း ပုလောမြို့နယ် ရှပ်ပုံရွာအနီး အင်အား ၅၀ ကျော်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။