ပုလောတွင် စိတ်မနှံ့သည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က အရှင်လတ်လတ်မီးရှို့သတ်ဖြတ်

0
105
Photo - CJ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်က စိတ်မနှံ့သည့်ဒေသခံအမျိုးသားတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် ကျေးရွာအတွင်းရှိ နေအိမ်အများအပြားကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင်နှင့် ရှပ်ပုံကျေးရွာထဲကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် ကျေးရွာအတွင်းက နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ဒေသခံတစ်ဦးပြောဆိုချက်အရ စစ်ကောင်စီတပ်သည် ရှပ်ပုံကျေးရွာစံပြရပ်ကွက်က နေအိမ်များကို စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းတွင် မီးစတင်ရှို့ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့ မနက်အစောပိုင်းတွင် မီးလောင်အော်ရပ်ကွက်က နေအိမ်များကိုပါ ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည်ဟု ပြောသည်။

စစ်ကောင်စီ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော အိမ်ခြေအရေအတွက်ကို တိတိကျကျ မသိရသေးသော်လည်း မီးလောင်အော်ရပ်ကွက် တစ်ခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်မှုထဲတွင် သက်ကြီးရွယ်အို အဖွားအိုများလည်း ပါဝင်ခဲ့သည်ဟု ဒေသခံတို့က ပြောဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်က စိတ်ရောဂါခံစားနေရသူ အသက် ၂၀ ကျော်အရွယ် မောင်သူရကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် ထမင်းစွယ်ကျော့ဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင်နေသည့် ဒေသခံ ၅၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်က ယခုလုပ်ရပ် မတိုင်ခင် ငါးမိုင်ကျေးရွာ၊ သစ်တောလှနှင့် ဖော့ကျေးရွာတို့က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဖော့ကျေးရွာက ဒေသခံ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ပြီး ယင်းတို့ထဲက အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့ပေမယ့် အမျိုးသားများကို ဆက်လက်ဖမ်းဆီးထားသည်ဟု ဆိုသည်။

တဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှပ်ပုံကျေးရွာက မီးမလောင်သည့် နေအိမ်များရှိ တန်းဖိုးကြီး အသုံးအဆောင်ပစ္စည်းများနှင့် ဆိုင်ကယ်များကို မတရားသိမ်းယူသွားကြောင်း ဒေသခံများက ပြောဆိုသည်။

ရှပ်ပုံကျေးရွာသည် အိမ်ခြေ ၂၅၀၀ ကျော်ရှိသည့် ပုလောမြို့နယ်က ရွာကြီးတစ်ရွာဖြစ်သည့်အပြင် လက်ရှိတွင် စစ်ကောင်စီတပ်သားများက နေအိမ်များ မီးရှို့ဖျက်ဆီးမှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုတို့ကြောင့် ထောင်နှင့်ချီသော ဒေသခံများသည် နီးစပ်ရာကျေးရွာများကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ပုလောမြို့နယ် ငါးမိုင်ကျေးရွာက နေအိမ် ၉ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံအမျိုးသား ၁၀ ဦးကျော်ကိုလည်း စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွာခံများပြောဆိုမှုအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here