ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း ၅၅၀ စစ်ကောင်စီ တပ်ရင်းမှ လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ကျည် ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၂ လုံး အနည်းငယ် ပျက်စီးခဲ့သည်ဟု ပုဏ္ဏားကျွန်းမြို့ခံများက ပြောသည်။
လက်နက်ကြီးကျည် ပေါက်ကွဲသည့်နေရာများမှာ စံပြရပ်ကွက် ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းရှေ့ တစ်လုံး၊ ပုဏ္ဏားကျွန်းမြို့ လျှပ်စစ်ဖြန့်ဖြူးရေး ပင်မဆောင်ဘေးနားရှိမီးခွဲရုံကွင်းတွင် တစ်လုံး၊ ဂူဝဘုရား အနီးနှင့် ဒေသခံတစ်ဦး နေအိမ်ရှေ့ ၁ လုံး၊ စံပြရပ်ကွက်ရှိ နေအိမ်ရှေ့ တစ်လုံး အသီးသီး ကျရောက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၈ နာရီခွဲခန့်က ၅၅၀ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း ရပ်ကွက်နေ လူထုမှာ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ထိခိုက်မှု မရှိခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့ခံ တစ်ဦးက ပြောဆိုသည်။
“မနေ့က ညဘက်ပစ်တယ်။ အလုံး ၂၀ လောက် ပစ်တာ။ လက်နက်ကြီးကျည် လူနေရပ်ကွက်ထဲ ကျတာက မနက်ကျမှ သိရတာပါ။ လူတွေ အထိခိုက်မရှိပေမယ့် မြို့ထဲကို ၄ လုံးတောင်ကျတာ” ဟု ၎င်းက ပြောသည်။
မြို့ခံနောက်တစ်ဦးကလည်း “ ပြောမယ်ဆိုရင် မြို့မဈေး မီးလောင်ကတည်း ရွာသားအများစုက ထွက်ပြေးနေကြ ရတာပါ။ နေအိမ်က အများကြီးမပျက်စီးပေမယ့် ဒီလို အကြောင်းမဲ့ပစ်နေတာက မတရားတာပါ။ နောက်တစ်ကြိမ် မီးလောင်မှာလည်း စိုးရိမ်ရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့ နေ့လယ် ၁ နာရီခွဲကျော်ခန့်မှ စ၍ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်းက ပုဏ္ဏားကျွန်းမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း တစုံတရာမရှိဘဲ တစ်နာရီအကြာ လက်နက်ကြီးများ ပစ်ခတ်ခဲ့တာ ကြောင့် ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်စေတီတော်မြတ် ရင်ပြင်ပေါ်သို့ တက်ရောက်သည့် လှေကားထစ် အနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
နိရဉ္စရာ ပေးပို့သည်။