ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ဘူတာ စစ်ဘေးရှောင်စခန်းအနီးတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး အသက် ၁၀ နှစ် အရွယ်ကလေး ၁ ဦးသေဆုံးပြီး ကလေး၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာ ၈ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်တွင် အဆိုပါကလေးငယ်များသည် စခန်းအနီး ဆော့ကစားနေစဥ် မိုင်းအား တစ်ခုခုဖြင့် ပစ်ပေါက်ခဲ့သည့်အတွက် ပေါက်ကွဲခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယိုးတရုတ်ရွာအုပ်ချုပ်ရေးမှူး ကျန်သိန်းချေက ပြောသည်။
“မျိုးဇော်ဟိန်း၊ နေတိုးဟိန်း၊ မျိုးချစ်ဦး ကစားနေကြတုန်း မိုင်းကို ကျောက်ခဲလိုမျိုး တစ်ခုခုနဲ့ ပစ်ပေါက်ရာကနေ ပေါက်ကွဲတာ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
သေဆုံးသည့်ကလေးငယ်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သည်ကျေးရွာမှ ဦးဇော်နိုင်၏ ၁၀ နှစ်အရွယ် သား မောင်နေတိုးဟိန်း ဖြစ်ပြီး ဒဏ်ရာရရှိသွားသူများမှာ မောင်မျိုးဇော်ဟိန်း ၈ နှစ်နှင့် မောင်မျိုးချစ်ဦး ၆ နှစ်တို့ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ဒဏ်ရာအပြင်းအထန်ရရှိသွားသည့် ကလေးနှစ်ဦးကို ပုဏ္ဏားကျွန်းဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ယခုပေါက်ကွဲမှု ဖြစ်ခဲ့သည့် နေရာအနီးတွင် စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ်က တကျော့ပြန်တိုက်ပွဲ ကာလအတွင်း တပ်စွဲနေထိုင်ခဲ့ဖူးသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်တွင် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလအထိ မြေမြှုပ်မိုင်းနှင့် စစ်လက်နက် အကြွင်းကျန်ပစ္စည်း ပေါက်ကွဲမှုကြောင့် ဒေသခံ ၄၉ ဦး သေဆုံးပြီး ၇ဝ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားသည်။
နိရဥ္စရာ ပေးပို့သည်။