ပလမြို့တိုက်ပွဲကြောင့် မြို့ပေးမီးစက်ပျက်စီးပြီး တစ်မြို့လုံး မီးပျက်နေ

0
361

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ပလမြို့တွင်းမှာ မေ ၄ ရက်နေ့နံနက်ပိုင်းက မြို့အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် မြို့ပေးမီးစက်ကိုလက်နက်ကြီး ထိမှန်ပျက်စီးသွားပြီး တစ်မြို့လုံးမီးပျက်နေကြောင်း ဒေသခံတွေထံမှ သိရပါသည်။

ယင်းနေ့ နံနက် ၁၁ နာရီလောက်မှာ ပလမြို့ရဲစခန်းထဲ တပ်စွဲထားသောစစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပါသည်။

အဆိုပါတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များဟာ မြို့ပေးမီးစက်ဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မီးစက် ၃ လုံး ထိမှန်ပျက်စီးခဲ့ပါသည်။

မြို့ပေးမီးစက်ပျက်စီးသွားတာကြောင့် မေ ၅ ရက်နေ့ ညနေပိုင်းအထိ ပလမြို့အတွင်း လျှပ်စစ်မီးပြန်မရသေးသလို ကုမ္ပဏီဘက်ကတော့ မီးပြန်ပေးနိုင်ဖို့ ပြင်ဆင်နေကြောင်း ပြောကြားထားသည်။

မေ (၅) ရက်နေ့ နံနက် ၆ နာရီလောက်တွင် ပုလောကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသောနေရာကို ဒေသကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က လက်နက်ကြီးနှင့် သွားပစ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနှင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

သို့သော်လည်း အဆိုပါတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါသည်။

ပြီးခဲ့သည့် မေ ၃ ရက်နေ့ကလည်း ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတွင် တပ်စွဲထားသောစစ်ကောင်စီနှင့် ပျူစောထီးတပ်စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here