ပန်ဆိုင်းမြို့ လက်နက်ကြီးကျပေါက်ကွဲပြီး အရပ်သား ၁ ဦးသေဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရ

0
295

သျှမ်းပြည်၊ ပန်ဆိုင်းမြို့ (ကြူဂုတ်) ရှိ ရဲစခန်းအနီး လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပန်ဆိုင်းမြို့ (ကြူဂုတ်) ရပ်ကွက် ၈ အတွင်းရှိ စစ်ကောင်စီ ရဲစခန်းအနီး၌ နိုဝင်ဘာ ၁ ရက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

“ဒီနေ့ (နိုဝင်ဘာ ၁ ရက်) မနက်ပိုင်းက ရဲစခန်းနားမှာ လက်နက်ကြီးကျလို့ တစ်ယောက်ဆုံးသွားတယ်။ သေသွားတဲ့တစ်ယောက်က အမျိုးသားပါ။ အမျိုးသမီး တစ်ယောက်ကတော့ လက်နက်ကြီးကျည်စမှန်ထားတယ်။ ဒေသခံတစ်ယောက်ကလည်း သွေးတိုးနေတယ်“ ဟု ယင်းဒေသခံက ပြောသည်။

လက်ရှိတွင် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူအပါအဝင် သွေးတိုးနေသည့် ဒေသခံပြည်သူတစ်ဦးကိုလည်း ဒေသဆိုင်ရာ လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ပြီး မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးကြောင်း သိရသည်။

လက်ရှိအချိန်ထိ ပန်ဆိုင်းမြို့ ရပ်ကွက် ၄ အနီးရှိ စစ်တပ်စခန်းကုန်းတွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်ရန် ကြိုတင်ပြင်ဆင်ထားသည့် ဒေသခံများမှာလည်း တိုက်ပွဲကြား ပိတ်မိနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“အခု တိုက်ပွဲပြင်းထန်နေသေးလို့ ထွက်ပြေးလို့ မရသေးဘူး။ အိမ်ထဲမှာ ဝင်ပုန်းနေရသေးတယ်။ လက်နက်ကြီးသံတွေလည်း ဒုန်းဒုန်းဒိုင်းဒိုင်း ကြားနေရတယ်“ ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီဘက်မှ ဂျက်လေယာဥ် ပျံဝဲနေပြီး၊ ဒေသခံပြည်သူများမှာ လေကြောင်းဖြင့် ဗုံးကြဲမည်ကို စိုးရိမ်နေကြသည်။
အလားတူ အောက်တိုဘာ ၃၁ ရက်နေ့တွင်လည်း ပန်ဆိုင်းမြို့ (ကြူဂုတ်) ရှိ ရဲစခန်းကို ညီနောင်မဟာမိတ် အဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here