ပင်လောင်း၊ ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ အင်အားဖြည့်တင်းနေ

0
218

သျှမ်းပြည် ပင်လောင်းနှင့် ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံ ပြည်သူ့စစ် PNO က အင်အားဖြည့်တင်းနေလျက်ရှိကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။

ပင်လောင်းမြို့ စစ်အခြေခံလေ့ကျင့်ရေးတပ်အတွင်းသို့ ဧပြီလ ၁ ရက်နေ့ ကတည်းက လူအင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာပြီး ယင်းရှေ့ရက်မတိုင်ခင်ကလည်း ပင်လောင်းမြို့ကို စစ်ကောင်စီတပ်၏ စစ်ကား ၅ စီး ဖြတ်သန်းသွားခဲ့ကြောင်း ပင်လောင်းမြို့ဒေသခံတစ်ဦးက ပြောသည်။

“အခု သူတို့နောင်ဝိုးတံတားကို ဖျက်ထားတယ်ဆိုတော့ ဆောင်းပြောင်းကို သူတို့တပ်အင်အား ထပ်ပို့ထားတယ်။ ရှေ့ရက်ကလည်း ပင်လောင်းစစ်လေ့ကျင့်ရေး တပ်စခန်းကို လူသစ်တွေ ထပ်လာပို့ထားတယ်။ ဘယ်ကနေ လာမှန်းတော့ မသိဘူး။ သူတို့တပ်သားသစ်တွေက အသက်ငယ်ငယ်လေးတွေ၊ လူငယ်လေးတွေ အားကောင်း မောင်းသန်တဲ့အရွယ်တွေပဲ။ အနည်းဆုံးကားတစ်စီးထဲမှာ လူ ၃၀ ယောက် ပါတယ်။ အရင်ရက်တွေကတော့ စစ်ကား ၅ စီးလောက် ဆင်းလာသေးတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

အလားတူ ညောင်ရွှေမြို့နယ် အင်းလေးတောင်ဘက်ခြမ်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ် PNO တို့ ဧပြီလ ၁ ရက်က အင်အားအများအပြားဖြင့် ရောက်ရှိနေပြီး၊ ညောင်လေးပင်ရွာနှင့် ရေပူရွာကို နှစ်ရက်ဆက်တိုက် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သီးခြားအတည်မပြုနိုင်သည့် သတင်းအချက်အရ ပင်လောင်းမြို့နယ်တွင် နေပြည်တော်မှ ဖြည့်တင်းလာသည့် တင့်ကားများလည်း ရောက်ရှိနေကြောင်း သိရသည်။ ပင်လောင်းမြို့နယ်သည် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ၈၅ မိုင်သာ ကွာဝေးသောကြောင့် စစ်ရေးအရ အရေးပါသည့်ဒေသ ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် ဒေသဘက်ကို ထိုးစစ်ဆင်ရန်အတွက် အင်အားဖြည့်တင်း နေခြင်းဖြစ်ပြီး တဖက်တွင် ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များက ခုခံရန် အင်အားဖြည့်တင်းနေသည့်အတွက် စစ်ရေးတင်းမာနေလျက် ရှိသည်။

ပင်လောင်းမြို့ခံတစ်ဦးက “PDF ဘက်ကလည်း နေရာတိုင်းလိုလိုမှာ ရှိနေပြီ။ ဒီပင်လောင်းဘက်မှာလည်း တစ်ဝက်ကျော်လောက် ရောက်နေပြီ။ စစ်ကောင်စီဘက်ကလည်း အင်းအားဖြည့်နေတယ်ဆိုတော့ အခုလောဆယ် စစ်ရေးတင်းမာနေတာတော့ ရှိတယ်။ တိုက်ပွဲကတော့ ဒီထက်ပြင်းလာနိုင်တဲ့ အခြေအနေရှိတယ်” ဟု ပြောသည်။

တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ လမ်းကြောင်းများ ပိတ်ဆို့လာနိုင်သဖြင့် ဒေသခံအပါအဝင် စစ်ဘေးရှောင်များ အတွက် လိုအပ်သည့် စားနပ်ရိက္ခာများ၊ ဆေးဝါး ပြတ်တောက်လာနိုင်ကြောင်း စစ်ဘေးရှောင် အမျိုးသားတစ်ဦး ပြောသည်။

“အကယ်၍တိုက်ပွဲက ဒီထက်ပြင်းထန်လာနိုင်တော့ စားနပ်ရိက္ခာအပိုင်းမှာ အခက်ခဲအများကြီး ဒုက္ခရောက် မှာပေါ့။ ဘာလို့ဆို အခုလမ်းတွေက တော်တော်များပိတ်ထားတယ်။ အခုဂျာမနီလမ်းဘက်ကိုပဲ ဖွင့်ထားတာ။ အခြေအနေက ထပ်ပြီးဆိုးရွာလာနိုင်မယ်ဆိုရင် စစ်ကောင်စီက လမ်းတွေ ထပ်ပိတ်မယ်ဆိုရင်တော့ ဒီဘက်မှာ စားနပ်ရိက္ခာ ပြတ်တောက်သွားတဲ့သဘောရှိတယ်” ဟု အဆိုပါစစ်ဘေးရှောင်အမျိုးသားက ပြောဆိုသည်။

ပင်လောင်းမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ကလေးနှင့် အမျိုးသမီးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၃ ဦး ရှိကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here