6 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းပင်လည်ဘူးမြို့သိမ်း ၃ လကျော်ကြာသည်အထိ ဒေသခံစစ်ရှောင်များ မြို့တွင်း၌ ပြန်လည်နေထိုင်နိုင်ခြင်းမရှိ

ပင်လည်ဘူးမြို့သိမ်း ၃ လကျော်ကြာသည်အထိ ဒေသခံစစ်ရှောင်များ မြို့တွင်း၌ ပြန်လည်နေထိုင်နိုင်ခြင်းမရှိ

စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သိမ်းယူထားသည့် ၃ လကျော်ကြာ ကာလအတွင်း ဒေသခံစစ်ဘေးရှောင်များသည် မြို့တွင်း၌ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

ပင်လည်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) ကလည်း လက်ရှိအချိန်ထိ မြို့အတွင်း ဝင်ရောက်နေထိုင်ခွင့် မပေးသေးဘဲ ဒေသခံတို့ကို နေအိမ်များအား ဝင်ရောက်ကြည့်ရှုခွင့်နှင့် သန့်ရှင်းရေးပြုလုပ်ခွင့်တို့ကိုသာ ပေးထားသည်ဟု ဒေသခံများက ပြောသည်။

ပင်လည်ဘူးမြို့တွင်းသို့ ရောက်ခဲ့သူဒေသခံတစ်ဦးက “မီးလောင်တာ များတယ်။ မြို့မ ၂ ရပ်ကွက်တော့ သိပ်မပျက်ဘူး။ အိမ်တွေကတော့ အားလုံးအပွင့်ပဲ။ သန့်ရှင်းရေးလုပ်ဖို့ ဝင်ကြည့်ခွင့်တော့ ပကဖတွေက ပေးတယ်။ ပစ္စည်းသယ်ပြီး ပြန်ကြတာပါပဲ၊ ဝင်မနေရဲကြသေးဘူး လေယာဉ်ကြောက်ကြလို့” ဟု ပြောသည်။

တိုက်ပွဲကြောင့် မြို့တွင်းနေအိမ်အများစု မီးလောင်ပျက်စီးခဲ့ပြီး ကြွင်းကျန်ထားရစ်ခဲ့သည့် ပစ္စည်းများသည်လည်း လက်ရှိတွင် ခိုးယူခံနေရကြောင်း ၎င်းက ပြောဆိုသည်။

“သိမ်းချင် သူ့အိမ်ကိုယ့်အိမ်ပြန်သိမ်း သန့်ရှင်းချင်ရင်ပေါ့လေ။ နေထိုင်ခွင့်က တရားဝင်မပေးသေးဘူး။ အခုက သူခိုးပေါလို့ ပစ္စည်းလဲတော်တော်ပျောက်တယ်။ သရဲလည်း တော်တော်ခြောက်တယ်” ဟု ၎င်းက ဆက်ပြောသည်။

မြို့သိမ်းတိုက်ပွဲပြီးနောက် မြို့အား ပြန်လည်ထူထောင်ရေး လုပ်ငန်းတစ်ခု လုပ်ဆောင်နေခြင်းကိုလည်း မတွေ့ရှိသေးကြောင်း ၎င်းက ပြောသည်။

ပင်လည်ဘူးမြို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် NUG ၊ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပင်လည်ဘူးမြို့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစောဆုံး လက်နက်ကိုင်တော်လှန်ခဲ့သည့် မြို့တစ်ခုလည်းဖြစ်သလို မြို့နယ်တစ်ခုလုံးကိုလည်း NUG အပြည့်အဝ သိမ်းပိုက်ထားနိုင်သည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။

မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမှု ၅ ကြိမ်အထိရှိခဲ့ပြီး NUG ၊ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် တိုက်ခိုက်သိမ်းပိုက်ဖူးသလို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ဒုတိယအကြိမ် အပြီးသတ် ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။