မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ထွက်လာသည့် အစီး ၁၂၀ ပါ စစ်ကောင်စီယာဉ်တန်းမှ ကား ၈ စီးကို တော်လှန်ရေးတပ်များဘက်က တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။
“ရိက္ခာယာဉ်တန်းကို တိုက်ခိုက်ပြီးတော့ ပျက်စီးလို့ထားခဲ့တာတွေကို မီးရှို့ဖျက်ဆီးတဲ့ သဘောပါ။ လမ်းတလျှောက်ဆို ၁၀ စီး လောက် ရှိမယ်။ သေတာတွေလည်း မနည်းဘူး” ဟု ဒေသကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ မနက်ပိုင်းက ထိုသို့မီးရှို့ ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအဖွဲ့များဘက်က ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်အတွက် အသိပေးထုတ်ပြန်ထားတာတော့ မရှိသေးဘူးဟု ၎င်းက ဆိုသည်။
ပခုက္ကူမြို့နယ်ကနေ ပေါက်မြို့ကို ထွက်လာသည့် အဆိုပါ စစ်ကောင်စီ ရိက္ခာယာဉ်တန်းကို ကမ္မမြို့အရောက်၌ တော်လှန်ရေးတပ်များဘက်က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်း သိရသည်။
မီးရှို့ဖျက်ဆီးလိုက်သည့် စစ်ကားများပေါ်တွင် ပါလာသော စစ်ကောင်စီတပ်၏ ရိက္ခာများကိုလည်း တော်လှန်ရေးတပ်များက ဖျက်ဆီးနိုင်ခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူက ပြောပါသည်။
တော်လှန်ရေးတပ်တွေများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီကား ၁၀ စီး ဝန်းကျင်ပျက်စီးခဲ့သလို အဲဒီယာဉ်တန်းပါ စစ်ကောင်စီတပ်သား ရာချီထဲက ၈၀ ကျော် သေဆုံးထားသွားသည်ဟု သိရသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ပခုက္ကူကနေ မင်းတပ်အထိ ထွက်ခွာမည်ဟု တော်လှန်ရေးတပ်များဘက်က ယူဆမှုတွေရှိနေပြီး လက်ရှိအချိန်၌ ပေါက်မြို့နယ် ရေပြာအနီးကို ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။
သံလွင်တိုင်းမ် ပေးပို့သည်။