နှစ်သစ်ကူးကာလအတွင်း စစ်ကောင်စီ၏ ဒရုန်း၊ မိုင်းနှင့် လက်နက်ကြီးကြောင့် ညောင်လေးပင်ခရိုင်ရှိ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရ

0
116
Photo - KNU

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၃)၊ ညောင်လေးပင်ခရိုင် မြို့နယ် ၃ ခုတွင် နှစ်သစ်ကူးကာလအတွင်း စစ်ကောင်စီ၏ ဒရုန်း၊ မိုင်းနှင့် လက်နက်ကြီးကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU -ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ မှ ၂၀၂၅ ခုနှစ် အကူးအပြောင်းကာလဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်နေ့နှင့် ဇန်နဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် မုန်းမြို့နယ်နေ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွှေကျင်မြို့နယ်တွင်လည်း ဒရုန်းဗုံးနှင့် တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

နတ်သံကွင်းဒေသခံ စစ်ရှောင်အမျိုးသားက “စစ်တပ်လက်နက်ကြီးက ရွာတွေကိုပဲ ပစ်မှတ်ထားပြီးချတာ။ ကျနော်တို့ လယ်ရှိတဲ့ရွာဆို ကျန်ခဲ့တဲ့ရက်က လက်နက်ကြီးကြောင့် ၂ ယောက်ထိသွားတယ်။ တစ်ယောက်က ခြေထောက်ဖြတ်ပစ်လိုက်ရတယ်။ တစ်ယောက်က လက်ပြင်မှာ အခုထိ ဆေးရုံမဆင်းရသေးဘူး။ ကျနော်တို့လည်း လက်ရှိနေတဲ့နေရာက ထပ်ပြောင်းရပြန်ပြီ” ဟု ပြောသည်။

KNU – ဗဟို၏ ထုတ်ပြန်ချက်တွင် ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီထောင်ထားသော မိုင်းနင်းမိသဖြင့် ကျောက်တံခါးမြို့နေ အမျိုးသားတစ်ဦး ခြေထောက်နှစ်ဖက်ပြတ် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ကျေးရွာနှစ်ရွာသို့ လေကြောင်းမှ ပစ်ခတ်သဖြင့် ဒေသခံပိုင်နေအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု ဆက်ဖော်ပြထားသည်။

စစ်ကောင်စီဘက် ဝါဒဖြန့်လူမှုကွန်ရက်မီဒီယာများက KNU ထောင်ထားသော မိုင်းနင်းမိသဖြင့် အဆိုပါဒေသခံတို့ ထိခိုက်ခဲ့ရခြင်းဖြစ်သည်ဟု တန်ပြန်ပြောဆို ဖော်ပြထားသည်ကို တွေ့ရသည်။

ညောင်လေးပင်ခရိုင်သည် စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိသည့်နယ်မြေဖြစ်သလို ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်မှု၊ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားမှုများကြောင့် KNU ခရိုင် ၇ ခုအနက် စစ်ဘေးရှောင်သူ အများဆုံးရှိနေပြီး ဆက်သွယ်ရေးနှင့် လူမှုစီးပွား ခက်ခဲကျပ်တည်းသည့် နယ်မြေလည်းဖြစ်သည်။

အလားတူ စစ်ကောင်စီက အခါကြီးရက်ကြီးများပါမချန် လက်နက်ကြီး၊ လေကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုသည် ညောင်လေးပင်ခရိုင်အတွင်းသာမက KNU တပ်မဟာ (၁) သထုံခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်တို့တွင်လည်း ဖြစ်ပွားခဲ့ပြီး အများပြည်သူထိတ်လန့် တိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here