28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းနှစ်နှစ်ခွဲအတွင်း ကျောင်းပေါင်း ၂၄၀ ကျော် လေကြောင်းတိုက်ခိုက်မှုခံခဲ့ရ

နှစ်နှစ်ခွဲအတွင်း ကျောင်းပေါင်း ၂၄၀ ကျော် လေကြောင်းတိုက်ခိုက်မှုခံခဲ့ရ

နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၆၀၀ ကျော်ပြုလုပ်ခဲ့ပြီး ကျောင်းပေါင်း ၂၄၀ ကျော် ထိမှန်ပျက်စီးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မေလ ၁၃ ရက်နေ့က ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့အထိဖြစ်သည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုသည်။

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက “၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့ အထိ လေကြောင်းတိုက်ခိုက်ခံရသည့် ဖြစ်စဉ်ပေါင်း ၂,၆၇၉ ကြိမ်ရှိရာတွင် ကျောင်းပေါင်း ၂၄၀ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရသည်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် နိုင်ငံတစ်ဝန်း ယာယီအပစ်အခတ်ရပ်စဲရေးကို ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့အထိ သက်တမ်းတိုးသည်ဟု ကြေညာထားသော်လည်း အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ပိုမိုတိုးမြင့်လုပ်ဆာင်လာခဲ့သည်။

ထိုသို့တိုက်ခိုက်မှုများတွင် ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများသည် ပိုမိုမြင့်တက်လာခဲ့သည်ဟု NUG က ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်ခံရာ ကျောင်းသား/ကျောင်းသူနှင့် ဆရာမများ သေဆုံးခဲ့ရသည့်အပြင် ပြည်သူ ၁၀၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘေးလွတ်ရာသို့ အများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ​NUG က ပြောသည်။

“အကြမ်းဖက်စစ်အုပ်စုသည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့ မနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး နှင့် စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး၊ ပြည်သူ ၁၀၂ ဦး ကျော် ထိခိုက်ဒဏ်ရာရမှု ဖြစ်စေခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၃၀၀ ခန့်ရှိသော အိုးတိန်တွင်းကျေးရွာမှာ ပြည်သူ ၅၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်” ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုမြောက်သော ကျူးလွန်မှုဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ လူမဆန်သည့် ကျူးလွန်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်နေသည်ဟု ဆိုသည်။

ထိုကျူးလွန်မှုများအတွက် စစ်ကောင်စီကို ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ရန်အတွက် နိုင်ငံတကာတရားရုံးများတွင်သာမက နိုင်ငံအလိုက် တရားရုံးများတွင်ပါ တရားမျှတမှု ဖော်ဆောင်နိုင်ရေး လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောသည်။

ထို့အပြင် လူမဆန်သောတိုက်ခိုက်မှုအပေါ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာရှုတ်ချပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းများအနေဖြင့်လည်း ယခုကဲ့သို့သော အရပ်သားပြည်သူများအပေါ် စစ်ကောင်စီက ဆက်လက်တိုက်ခိုက်နေမှုများကို ရပ်တန့်စေရေး ဖိအားပေးဆောင်ရွက်ရန် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တိုက်တွန်းထားသည်။

NMG ပေးပို့သည်။