1 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းနောင်ချိုတွင် အပစ်ရပ်ကာလအတွင်း တိုက်ပွဲများ ဆက်ပြင်းထန်နေ

နောင်ချိုတွင် အပစ်ရပ်ကာလအတွင်း တိုက်ပွဲများ ဆက်ပြင်းထန်နေ

ရှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် အပစ်ရပ်ထားသည့်ကာလအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ၏ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

PSLF/TNLA ၏ ပြန်ကြားရေးတာဝန်ခံလွေးယေဦးက “တိုက်ပွဲကတော့ နေ့စဉ်ဖြစ်ပွားနေတာမဟုတ်သည့်တိုင် ရက်ခြားတိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားတာ ရှိပါတယ်။ လက်ရှိကတော့ စစ်ရေးစစ်ရာ စစ်ရေးဗျူဟာဖြစ်တဲ့အလျောက် စစ်ကောင်စီဘက်ကတော့ ထိုးစစ်ဆင်လာတာမျိုး ကျမတို့ကလည်း ပြန်လည်ခုခံတိုက်ခိုက်တာမျိုးပေါ့နော်” ဟု ပြောသည်။

မေလအတွင်းနှင့် လက်ရှိဖြစ်ပေါ်နေသော တအာင်းဒေသတွင်းက နိုင်ငံရေး၊ စစ်ရေး အခြေအနေများအကြောင်း ဇွန်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ နောင်ချိုတိုက်ပွဲနှင့် ပတ်သက်၍ PSLF/TNLA ပြန်ကြားရေးတာဝန်ခံက ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် TNLA နှစ်ဖက်စလုံးက ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးအတွက် အပစ်ခတ်ရပ်စဲရေးကာလကို ဇွန်လကုန်အထိ တစ်လ ထပ်မံသက်တမ်းတိုးထားကြခြင်း ဖြစ်သည်။

သို့သော် နောင်ချို၊ တောင်ခမ်းကျေးရွာတွင် စစ်ကောင်စီတပ်ဘက်က စစ်အင်အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခြင်းများရှိနေသည်ဟု လွေးယေဦးက ပြောသည်။

နောင်ချိုမြို့နယ်ထဲတွင် စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် TNLA ဘက်ကနေ စစ်ရေးအရ ထိန်းထားနိုင်သော်လည်း ပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးဂရုစိုက်ကြရန်လိုသည်ဟု လွေးယေဦးက သတိပေးပြောသည်။

“လူထုအနေနဲ့ကတော့ လုံခြုံရေးကိစ္စတွေ အထူးဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။ စစ်ရေးအရကတော့ စိတ်ပူစရာတော့ မလိုဘူးပေါ့နော်။ တဖက်နဲ့တဖက် စစ်ရေးဗျူဟာအရ ဆောင်ရွက်နေတာပဲဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ထိုးစစ်နှင့် လေကြောင်းမှ တိုက်ခိုက်မှုများအပြင် တဖက်တွင်လည်း တရုတ်၏ဖိအားကြောင့် ပိတ်ဆို့မှု ပိုများလာနေပြီး ဒေသခံလူထုမှာ ကုန်ပစ္စည်းရှားပါးမှုနှင့် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်တို့ ရင်ဆိုင်နေကြရသည်။

တရုတ်အစိုးရ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် TNLA တို့သည် ဩဂုတ်လကုန်တွင် ထပ်မံတွေ့ဆုံကြမည်ဖြစ်ပြီး လက်ရှိ ပြည်သူများကြုံနေရသည့် အခက်အခဲများ ပြေလည်စေရန် အဓိက တောင်းဆိုသွားမည်ဟု TNLA က ဆိုသည်။

တရုတ်နိုင်ငံက ကြားဝင်စီစဉ်ပေးသည့် စစ်ကောင်စီနှင့် တွေ့ဆုံမှုများကို ဆက်လုပ်ရန်ရှိပြီး တွေ့ဆုံမှုများ၌ ပြည်သူလူထုကို လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးနှင့် တိုက်ခိုက်မှုများမလုပ်ရန် ဆက်လက်တောင်းဆိုသွားမည်ဟု TNLA တာဝန်ရှိသူက ပြောသည်။

ဧပြီလနောက်ဆုံးပတ်က တရုတ်နိုင်ငံ ကူမင်းမြို့တွင်လုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ TNLA က သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များကို ပြန်ပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့ရာ TNLA က လက်မခံသည့်အတွက် ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ရသည်။

ထိုဆွေးနွေးပွဲနောက်ပိုင်းတွင် စစ်ကောင်စီက TNLA ထိန်းချုပ်ထားသည့် နယ်မြေများထဲ ဒရုန်း၊ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း ၁၀၀၀ ကျော် လုပ်ခဲ့သည်ဟု TNLA က ပြောဆိုသည်။

စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် မေလအတွင်း နောင်ချိုမြို့နယ်ထဲ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး လေကြောင်းမှ ၁၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး ၇၇၆ လုံး၊ ဒရုန်းဖြင့် ဗုံး ၃၂၉ လုံးနှင့် အဆိပ်ငွေ့ဗုံး ၁၄၄ လုံး ကြဲခဲ့သည်ဟု ဆိုသည်။

ယင်းသို့တိုက်ခိုက်မှုများထဲ အပြစ်မဲ့ပြည်သူလူထု ၆ ဦး သေဆုံးခဲ့ရပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် နေအိမ် ၈ လုံးလည်း ဗုံးစထိမှန်ပျက်စီးခဲ့သည်ဟု ဇွန်လ ၄ ရက်နေ့က TNLA က ထုတ်ပြန်ထားသည်။

NMG ပေးပို့သည်။