29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းနောင်ချိုတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေး ၁ ဦးအပါအဝင်အရပ်သား ၄ ဦးသေဆုံးဟု TNLA ပြောဆို

နောင်ချိုတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေး ၁ ဦးအပါအဝင်အရပ်သား ၄ ဦးသေဆုံးဟု TNLA ပြောဆို

သျှမ်းပြည်၊ နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာကို စစ်ကောင်စီတပ်ကနေ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် (၅) နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၄ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်လိုက်သည်။

မေလ ၈ ရက် နေ့လယ် ၁၂ နာရီခန့်က အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်ကနေ နောင်ချိုမြို့နယ် သရက်ချိုကျေးရွာ အနီးသို့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီ အမြောက်တပ်ရင်းဌာနချုပ် (၉၀၂) မှ သရက်ချိုကျေးရွာသို့ ဒရုန်း ၂ လုံး၊ လက်နက်ကြီး ၁၆ ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

နောင်ချိုဒေသခံ သတင်းရင်းမြစ်တစ်ဦးက “သရက်ချိုရွာက ဓနုရွာပဲ။ အခုက ခဏခဏစစ်ဖြစ်တာက နောင်လင် ဘက်မှာ၊ အဲ့ဘက်မှာ ဖုန်းလိုင်းလဲမရဘူး။ ရှေ့နှစ်ပတ်က သရက်ချိုကလူတွေ အုမ္မတီးကို လာလည်သေးတယ်။ တိုက်ပွဲမဖြစ်သေးဘူး။ ခုရက်ပိုင်းမှ သရက်ချိုရွာမှာ တိုက်ပွဲတွေဖြစ်တာ။ အခုတိုက်ပွဲဖြစ်နေတာက နောင်လင်နဲ့ ကံကြီးမှာ ပိုဖြစ်နေတာ” ဟု ပြောသည်။

ထို့အပြင် မေလ ၈ ရက် မွန်းလွဲပိုင်းအချိန် ယာပြင်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်မှ ဒရုန်းဗုံး (၂) လုံးနှင့် လက်နက်ကြီးဖြင့် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLA ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ နောင်ချိုမြို့နယ် နောင်လင်ကျေးရွာတွင်လည်း မေလ ၈ ရက်နေ့ ညနေ (၆) နာရီတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သဲခေါရွာမှ ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး (၁) လုံးကို အုမ္မတီးကျေးရွာသို့ လာရောက်ကြဲချခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီမှာတော့ နေ့တိုင်း လက်နက်ကြီးနဲ့ ဒရုန်းဗုံးတွေက အဆက်မပြတ်ပဲ။ လေယာဉ်နဲ့လည်း လာလာကြဲတယ်။ အဆိပ်ငွေ့ဗုံးတွေနဲ့လည်း လာကြဲတယ်။ တိုက်ပွဲက ခဏငြိမ်လိုက် ပြီးရင်ထဖြစ်လိုက်နဲ့ပဲ။ သူတို့က ခဏခဏ ထိုးစစ်တွေ ဆင်နေတော့တာပဲ” ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က မေလ (၆) ရက်နေ့မှ (၃၁) ရက်နေ့အထိ ယာယီအပစ်အခတ် ရပ်စဲရေးကာလအဖြစ် ထပ်မံ တိုးမြှင့်ကြေညာခဲ့သော်လည်း TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ကို အပြင်းအထန် ထိုးစစ်ဆင်မှုများပြုလုပ်နေပြီး လက်နက်ကြီးနှင့် ဒရုန်းများဖြင့် နေ့စဉ်တိုက်ခိုက်နေသည်ဟု သိရသည်။

ထို့ကြောင့် နောင်ချိုမြို့နယ်အတွင်းမှ ပြည်သူများကို စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု ရှောင်ရှားနိုင်စေရန် စစ်ရေးအမြဲသတိရှိရန်လိုအပ်ပြီး လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည်ဟု TNLA က အသိပေးထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။