ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း နေရပ်ကျေးရွာသို့ ပြန်လည်နေထိုင်ကြသော စစ်ရှောင်များမှာ နေထိုင်ရပ်တည်ရေးအတွက် အခက်အခဲဖြစ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။
ပြီးခဲ့သည့်မေလအတွင်းက ပင်လောင်းမြို့၊ ဆောင်းပြောင်းကျေးရွာတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) တို့ အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ယခုဇွန်လ၌ စစ်ကောင်စီက နယ်မြေစိုးမိုးထားပြီဖြစ်တာကြောင့် စစ်ဘေးရှောင်များ မိမိနေရပ်သို့ ပြန်နေလာကြခြင်းဖြစ်သည်။
နေရပ်ပြန် စစ်ဘေးရှောင်တစ်ဦးက “ သုံးပုံနှစ်ပုံတော့ ပြန်လာကြပြီ။ ရှောင်တာကြာရင်လည်း စားဖို့ကလိုလာပြီလေ။ အခုပြန်လာပြီဆိုတော့လည်း အလုပ်က မရှိကြတော့ဘူး။ ထောက်ပံ့တာတွေကလည်း ရှောင်တဲ့အချိန်လောက်ပဲ ထောက်ပံ့ကြတာ။ တကယ်လိုအပ်တာက ပြန်လာတဲ့အချိန် ပိုလိုတယ်။ အခုဆို လူအုပ်လိုက်ကြီး ရွာမှာ စားဖို့မရှိ၊ အလုပ်လည်းမရှိ” ဟု ပြောသည်။
ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲများကြောင့် စိုက်ခင်းများပျက်စီးခြင်း၊ နေ့စားအလုပ်အကိုင်များမရှိခြင်း၊ စိုက်ခင်းနေရာ အများစုကို PNA တပ်က သွားလာခွင့်ကန့်သတ်ထားခြင်းတို့ကြောင့် စစ်ဘေးရှောင်များမှာ အလုပ်ကိုင်ရှားပါးကာ ဝင်ငွေမရှိကြခြင်းဖြစ်သည်။
လက်ရှိတွင် နေရပ်ပြန်စစ်ဘေးရှောင်များမှာ ချေးငှား၍ စားဝတ်နေရေးဖြေရှင်းနေရခြင်း၊ ဝေးလံခေါင်ဖျားသည့် ကျေးရွာများတွင် လုပ်အားခအနည်းငယ်ဖြင့် သွားရောက်လုပ်ကိုင်နေရခြင်းများရှိနေပြီး တချို့မှာ အခြားမြို့များသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြကြောင်း သိရသည်။
ဆောင်းပြောင်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့တာဝန်ရှိသူက “အခုတော့ ခွေးတွေ (စစ်ကောင်စီ) နယ်မြေစိုးမိုးသွားပြီ။ သူတို့က ဟိုမလုပ်ရ၊ ဒါမလုပ်ရဆိုတော့ ရွာသားတွေက ဒုက္ခရောက်နေကြတယ်။ သူတို့ မသင်္ကာတဲ့အိမ်ဆို အတွင်းပစ္စည်းတွေယူထုတ်ပြီး မီးပုံရှို့တယ်။ အခုက ရပ်တည်ရခက်တာ တခုတည်းတော့မဟုတ်ဘူး။ သူတို့ရှိတာနဲ့ ထိတ်လန့်နေရတာ” ဟု ပြောသည်။
ဆောင်းပြောင်းကျေးရွာတွင် မေလ ၁၆ ရက်မှစ၍ လကုန်နီးပါးအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးများကြောင့် လူနေအိမ်များ ပျက်စီးခြင်း၊ နေအိမ်အချို့ကို စစ်ကောင်စီပူးပေါင်းတပ်က မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
အလားတူ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင်လည်း ဆောင်းပြောင်းကျေးရွာတွင် တစ်လနီးပါးအကြာ နှစ်ဖက်တပ်ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး လူနေအိမ်အလုံး ၅၀ နီးပါးအထိ ထိမှန်ပျက်စီးခဲ့ရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောဆိုသည်။
NMG ပေးပို့သည်။