နာဂဒေသရှိ ပန်ဆောင်ဆေးရုံကြီးပိတ်ထားရသဖြင့် ဒေသခံများ ကျန်းမာရေးစောင့်ရှောက်မှု အခက်ကြုံနေရ

0
121

စစ်ကိုင်းတိုင်းအတွင်း အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့ ပြည်သူ့ဆေးရုံကြီး ပိတ်ထားရသဖြင့် ဒေသခံများ ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရေး အခက်အခဲဖြစ်နေကြသည်ဟု ပြောဆို ကြသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အိန္ဒိယနယ်စပ်မြို့ဖြစ်သည့် နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ရှိ ပြည်သူ့ဆေးရုံကြီး ပြိုကျမည့်အန္တရာယ်ရှိလာသောကြောင့် ပိတ်ထားရသဖြင့် ဒေသခံပြည်သူများသည် ဆေးကုသမှုရရှိရေး ခက်ခဲနေကြခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံတစ်ဦးက “ဆေးရုံက ပြိုတော့ မပြိုသေးဘူး။ အက်နေတာ ပြိုတော့မယ့်ပုံစံမျိုး အဲ့ဒါကြောင့် မနေတာ။ အက်လာတာတော့ကြာပြီ တဖြည်းဖြည်းနဲ့ တနေရာပြီးတနေရာ အက်လာတာလေ။ ဆောက်ထားတဲ့သူက သေချာမဆောက်ထားလို့လားတော့ မသိဘူး။ ပြိုကျတော့မှာ လုံးဝကိုမသုံးတော့တာ” ဟု ပြောသည်။

အဆိုပါဆေးရုံသည် ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် ဆေးရုံဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန္နဝါရီလတွင် အန္တရာယ်ရှိသည့် အဆောက်အအုံအဖြစ် အင်ဂျင်နီယာများက သတ်မှတ်ခဲ့ကြောင်း ပန်ဆောင်မြို့ ကျန်းမာရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အထဲမှာတော့ ဝင်ခွင့်မရှိဘူး။ အင်ဂျင်နီယာတွေက အန္တရာယ်ရှိအဆောင်အဖြစ် သတ်မှတ်ထားတယ်။ ဝန်ထမ်း တွေဘက်က အစကတည်းက တောင်းထားပြီး ဘာမှသတင်းမကြားလာဘူး။ ဒါကြောင့် လူထုတွေဘက်က တောင်းခံတာ ဖြစ်စေချင်တယ်။ အဲ့ဆေးရုံပြောင်းဖို့က ရပ်မိရပ်ဖတွေ ခေါ်တယ်။ အစည်းအဝေးတွေ လုပ်တယ်၊ ပြီးတော့မှ အင်ဂျင်နီယာကိုခေါ်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါ ပန်ဆောင်ပြည်သူ့ဆေးရုံကို ပိတ်ထားပြီး ယခင်ဆေးရုံအဟောင်းတွင် ပြန်ဖွင့်လှစ်ထားပြီး ဆေးကုသပေးနေသည်ဟု ဒေသခံများက ပြောဆိုသည်။

သို့သော် ယခင်ဆေးရုံအဟောင်းနေရာသည် ကျဉ်းသောကြောင့် မွေးလူနာများကိုသာ အဓိက လက်ခံကုသ ပေးနေကြောင်း ဒေသခံများက ပြောပါသည်။

ပန်ဆောင်မြို့ ကျန်းမာရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက “ဆေးရုံဟောင်းမှာကြတော့ အရမ်းကြီး အဆင်မပြေဘူး။ နေရာလည်းကျဉ်းကျဉ်းလေး၊ ပြီးရင် လူနာတွေလည်း အဲ့လောက်ကြီး လက်မခံဘူး။ မွေးလူနာတွေကိုပဲ ဦးစားပေး ကြတယ်။ အရမ်းဖျားတဲ့လူနာဆိုရင်က အိန္ဒိယဘက်ခြမ်းမှာ ပို့လိုက်တယ်။ နန်းယွန်းမှာလည်း ပို့လိုက်တယ်၊ ကိုယ်ဝန်သည်တွေ ခွဲစိပ်ရမယ့် ကလေးတွေဆိုရင်က အိန္ဒိယမှာမွေးကြတယ်” ဟု ပြောသည်။

ပန်ဆောင်မြို့ရှိ ပြည်သူ့ဆေးရုံကို အန္တရာယ်ရှိသည့်အဆောက်အအုံအဖြစ် သတ်မှတ်ထားပြီးနောက် ပိတ်ထားရသည့်အပြင် ဆေးဝါးများလည်း ပြတ်လပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

ဒေသခံတစ်ဦးက “ဆေးလည်း မစုံဘူး။ ဆေးလည်း မလာကြဘူး။ ဆေးမကဘူး မြန်မာကုန်ပစ္စည်းတွေတောင်မှ စားသောက်ကုန် ငပိကအစ မလာကြတော့ဘူး မရှိဘူး။ လမ်းပျက်သွားလို့လေ ဆေးရုံမှာလည်း ဆေးမရှိဘူး။ အခု လိပ်ပြာအပ်ကအစ မရှိဘူးလို့ ပြောတယ်။ ဆေးရုံမှာ ရှိတာတော့ပေးတယ်။ အပြင်မှာပဲ ဝယ်ခိုင်းတာပေါ့။ ဆေးရုံက ညွှန်းပေးတယ်။ အခုက အပြင်မှာလည်း ရှာလို့မရဘူးဆို အခုက” ဟု ပြောသည်။

ပန်ဆောင်မြို့တွင် လမ်းခရီးအခက်အခဲများကြောင့် ဆေးဝါးများနှင့် အကြောဆေးသွင်းရာတွင် သုံးရသည့်အပ် (လိပ်ပြာအပ်) များအပြင် စားသောက်ကုန်များလည်း ပြတ်လပ်နေသည်ဟု ဒေသခံများက ပြောပါသည်။

လက်ရှိ ပိတ်ထားရသည့် ပန်ဆောင်မြို့ရှိ ပြည်သူ့ဆေးရုံသည် ကုတင် ၁၆ ကုတင်ဆံ ဆေးရုံဖြစ်ပြီး ဆရာဝန်လည်းမရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ပန်ဆောင်ဆေးရုံတွင် သားဖွားဆရာမ ၂ ဦးနှင့် အထက်တန်းသူနာပြု ၂ ဦး၊ အမျိုးသား ကျန်းမာရေးဝန်ထမ်း ၁ ဦး စုစုပေါင်း ၅ ဦးသာရှိကြောင်း ပန်ဆောင်မြို့ ကျန်းမာရေးအဖွဲ့နှင့်နီးစပ်သူများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here