နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့က ရခိုင်စစ်ဘေးဒဏ်ရာရသူများကိုဆေးဝါးကုသပေးရန် ကြိုးစားနေ

0
311

ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များတွင် လက်နက်ထိမှန်ဒဏ်ရာရသူ ဒေသခံအရပ်သား ပြည်သူများအား ဆေးဝါးကုသမှုပေးနိုင်ရန် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့-Back Pack Health Worker Team မှ ကြိုးစားနေကြောင်း ယင်းအဖွဲ့၏ ညွန်ကြားရေးမှူးစောဝင်းကျော် ပြောသည်။

“ဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တရားဝင်ပဲဖြစ်ဖြစ် တရားမဝင်ဘဲဖြစ်ဖြစ်၊ အပေါ်လမ်း၊ အောက်လမ်း စသဖြင့် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေတယ်။ ကျွန်တော်တို့နဲ့ ဆောင်ရွက်နေတဲ့အခြေအနေမှာ ခရီးလမ်းဝေးတဲ့ အပေါ်မှာသော်လည်းကောင်း၊ လူပုဂ္ဂိုလ်တိုက်ရိုက်ဆက်သွယ်မှုအရသော်လည်းကောင်း၊ အခက်အခဲတွေ အတားအဆီးတွေ အများကြီးရှိနေတယ်။ ဒါပေမယ့် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေတယ်။ ဒေသတစ်ခုလုံး တစ်ရာရာခိုင်နှုန်း မဟုတ်ရင်တောင် အုပ်တချပ်သဲတစ်ပွင့်လုပ်ဖို့ ကြိုးစားနေပါတယ်” ဟု ညွန်ကြားရေးမှူး စောဝင်းကျော်က ပြောသည်။

နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့သည် ရခိုင်ဒေသ၌ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်သည်မှာ ၂ နှစ်ခန့်ရှိနေပြီ ဖြစ်သော်လည်း ယခု၂၀၂၄ ခုနှစ်တွင် ပြန်လည်ကူညီရန် ဒေသခံ အဖွဲ့အစည်းများဖြင့် အသေးစိတ်ဆွေးနွေးနေပြီ ဖြစ်သည်ဟု ဆိုသည်။

ယခင်က ရခိုင်ဒေသတွင် ကူညီနေသည့် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သား အဖွဲ့ ၃ ဖွဲ့ခန့် ရှိခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး၊ နိုင်ငံရေးနှင့် မိမိတို့၏အားနည်းချက်တချို့ကြောင့် ရပ်တန့်ခဲ့ရခြင်း ဖြစ်သည်ဟု ညွန်ကြားရေးမှူးစောဝင်းကျော်က ပြောပါသည်။

“အခုကျွန်တော်တို့ ဆက်ပြီး ဘယ်လိုဝိုင်းပြီးတော့ အပြည့်အစုံမဟုတ်ပေမယ့် ဘယ်လိုအကောင်းဆုံး ဝိုင်းလုပ်ပေးနိုင်မလဲ၊ ဆက်ပြီးတော့ ကြိုးစားနေတယ်ပေါ့နော်။ ရခိုင်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကို နိုင်တဲ့ဘက်ကနေ ကျွန်တော်တို့ ဝိုင်းလုပ်ပေးဖို့ ကြိုးစားနေကြတယ်” ဟု ၎င်းက ဆိုသည်။

နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့သည် လက်ရှိတွင် အရေးပေါ်နေရာပေါင်း ၃၀ ကျော်မှ လူဦးရေ ၃ သိန်းကျော်ကို ပုံမှန်ကုသနေရပြီး နောက်ထပ် ၁ သိန်းဝန်းကျင်ကိုလည်း ထပ်မံ လိုက်လံကုသပေးနေသည်ဟု သိရသည်။

နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့များသည် ကယားပြည်နယ်တွင် ၈ နေရာ၊ ကရင်ပြည်နယ်တွင် ၆ နေရာ ကုသမှုပေးနေပြီး ရှမ်းပြည်နယ်နှင့် ပအိုဝ်းဒေသဘက်သို့လည်း ဆေးဝါးထောက်ပံ့ပေးလျက်ရှိကြောင်းနှင့် ကချင်၊ ရခိုင်နှင့် ပလောင်ဒေသတို့ကို ကုသရန် လက်လှမ်းမမီ ဖြစ်နေရာမှ ရခိုင်ကို ကူညီရန် ကြိုးပမ်းလာခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်တွင် တိုက်ပွဲစတင်သည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက် မှ ယခု ၂၀၂၄ ဇန်နဝါရီ ၁၃ ရက်နေ့ အထိ ၃ လကြာ ကာလအတွင်း စစ်ကောင်စီ၏ လေယာဉ်၊ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရသည့် ရခိုင်အရပ်သား ၈၁ ဦး ရှိပြီး၊ ထိခိုက်ဒဏ်ရာရသူ ၂၆၀ ဦး ရှိသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ဇန်နဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် သေဆုံးသူ ၂၈ ဦး ဒဏ်ရာရသူ ၁၀၃ ဦး၊ ဒီဇင်ဘာလတွင် သေဆုံးသူ ၂၇ ဦး ဒဏ်ရာရသူ ၆၆ ဦးနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် သေဆုံးသူ ၂၆ ဦး ဒဏ်ရာရသူ ၉၁ ဦး ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ယခုရက်ပိုင်း၌ မြောက်ဦး ၊ ဘူးသီးတောင်၊ ရမ်းဗြဲ မြို့များတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အရပ်သားပြည်သူများ ဆက်လက်ရှိနေကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here