သျှမ်းပြည် နမ့်လန် – သီပေါလမ်းပိုင်းရှိ နားမခေါ်ကျေးရွာအနီးတွင် စစ်ရေးအခြေအနေကြောင့် စစ်ကောင်စီက စက်တင်ဘာ ၉ ရက်နေ့မှစတင်ပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံများက ပြောသည်။
ဒေသခံအမျိုးသမီးတစ်ဦးက “နားမခေါ်ရွာ အနီးအနားမှာ စစ်ကောင်စီရော ကိုးကန့်ရောရှိတယ်။ အခုက စစ်ကောင်စီက လုံးဝကိုပိတ်ထားတာ လုံးဝပေးမဖြတ်ဘူး။ ဒီ တနင်္လာနေ့ (စက်တင်ဘာ ၉ ရက်) ကစပြီး ပိတ်တာ။ စစ်ရေးတင်းမာနေလို့ သူတို့ပေးမဖြတ်တာလို့ပဲ သူတို့ပြောတယ်” ဟု ပြောသည်။
စစ်ကောင်စီက နားမခေါ်ကျေးရွာတွင် လမ်းပိတ်ထားခြင်းကြောင့် ဒေသခံများအတွက် အရေးပေါ်သွားလာရန် အခက်အခဲများကြုံတွေ့နိုင်ကြောင်း အဆိုပါအမျိုးသမီးက ဆက်ပြောသည်။
“အရေးပေါ်ကိစ္စ တခုခုရှိရင်တော့ ဒုက္ခရောက်ပြီပဲ။ ဆေးဝါးတွေလည်း ပေးမသယ်ဘူး။ အရေးအကြောင်းဆို ဘာမှလုပ်မရဘူး။ ဆေးရုံမှာလည်း ဆရာဝန်တွေမရှိတော့ စိတ်ပူရတယ်။ အရေးပေါ်တွေအတွက်ပဲ စိုးရိမ်ရတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့တွင် နမ့်လန်မြို့အခြေစိုက်ထားသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၀၆) တပ် မှ သီပေါမြို့နယ် ကျောင်းပြိန်းရွာသို့ လက်နက်ကြီးပတ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများလည်း သီပေါမြို့ဘက်သို့ဦးတည်၍ မကြာခဏ တဖတ်သတ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။