သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် နမ့်ခမ်းမြို့ကို
စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းကုန်စည်ကူးသန်းရောင်းဝယ်မှု နည်းပါးသွားပြီး ကုန်ပစ္စည်းစီးဝင်မှု လျော့နည်းလာသည်ဟု နမ့်ခမ်းဒေသခံများက ပြောသည်။
နမ့်ခမ်းမြို့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့ညပိုင်း လူများအိပ်မောကျချိန်တွင် စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ နေအိမ်များ ပျက်စီးမှုများခဲ့သည်။
နမ့်ခမ်းပြည်သူအများစုသည် စစ်ကောင်စီက ထပ်မံလေကြောင်းနှင့် ဗုံးကြဲလာမည်ကို စိုးရိမ်သဖြင့် အခြားနယ်မြေသို့ ထပ်မံပြောင်းရွှေ့နေကြပြီး ကုန်စည်ကူးသန်းရောင်းဝယ်ကြသည့် ကုန်သည်များလည်း နမ့်ခမ်းမြို့သို့ အဝင်နည်းလာတာကြောင့် ကုန်ပစ္စည်းအဝင်နည်းကာ ကုန်စျေးနှုန်းများအဆမတန်မြင့်တက်လာသည်ဟု ဆိုသည်။
နမ့်ခမ်းမြို့ဒေသခံအမျိုးသမီးတစ်ဦးက “အခုက ဗုံးထပ်လာကြဲမှာတော့ ကြောက်ကြတယ်။ ကုန်ပစ္စည်းလည်း အဝင်နည်းတော့ ကုန်စျေးနှုန်းလည်း အဆမတန်မြင့်တက်လာတယ်။ အခြေခံလူတန်းစားတွေလည်း ရှာဖွေ စားသောက်မှု ပိုခက်လာတယ်။ အဖက်ဖက်က ပိုကျပ်တည်းလာတယ်” ဟု ပြောဆိုသည်။
လက်ရှိ၌ နမ့်ခမ်းမြို့သည် TNLA ထိန်းချုပ်သည့် နယ်မြေဖြစ်သော်လည်း ပြည်သူများ ရှာဖွေစားသောက်ရန် ခက်ခဲနေကြောင်း၊ တဖက်တွင်လည်း ဝင်ငွေနည်းပါးလာပြီး စားသောက်ကုန်စျေးနှုန်း မြင့်တက်မှုကြောင့် ရေရှည်တွင် အခက်အခဲများစွာ ကြုံတွေ့လာနိုင်သည်ဟု အဆိုပါဒေသခံအမျိုးသမီးက ဆက်ပြောဆိုသည်။
နမ့်ခမ်းမြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး တပိုင်တနိုင် ကုန်ကူးသန်းရောင်းဝယ်မှု အားကိုးရသည့်ဒေသဖြစ်သော်လည်း နမ့်ခမ်းမြို့ရှိ မြန်မာ – တရုတ်နယ်စပ် နောင်တောင်းကုန်သွယ်ရေး သီးသန့်ဂိတ်ကို တရုတ်အာဏာပိုင်တို့က ဇူလိုင် ၁၇ ရက်တွင် ပိတ်ဆိုင်းခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် တရုတ်နိုင်ငံဘက်မှတင်သွင်းသည့် ကုန်ပစ္စည်းများလည်း နမ့်ခမ်းမြို့သို့ဝင်ရောက်ရန် ခက်ခဲသကဲ့သို့ မန္တလေးဘက်မှလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ကြောင့် လမ်းကြောင်းပြတ်တောက်ခဲ့ပြီး ကုန်သွယ်စီးဆင်းမှု ရပ်တန့်ခဲ့သည်။
“နမ့်ခမ်းက တရုတ်နယ်စပ်နဲ့ နီးတယ်။ ဒါပေမယ့် နယ်စပ်ဂိတ်က ပိတ်ထားတယ်။ ပြီးတော့ မူဆယ်ဘက်မှာရှိတဲ့ နယ်စပ်ဂိတ်ကလည်း အချိန်လျော့ပြီးဖွင့်တော့ ပိုဆိုးတယ်။ အဲ့ကြောင့် ကုန်စျေးနှုန်းတွေ ပိုတက်လာတာ” ဟု နမ့်ခမ်းမြို့ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။
နမ့်ခမ်းမြို့သည် TNLA ထိန်းချုပ်ထားသည့် နယ်မြေဖြစ်ပြီး မြို့လုံခြုံရေးအတွက် TNLA လက်အောက်ခံ ရဲများက နေ့စဥ်ကင်းလှည့်လျက်ရှိကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများတွင် ရှုံးနိမ့်မှုနှင့် နယ်မြေလက်လွတ် ဆုံးရှုံးမှုရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ညီနောင်မဟာမိတ်တပ်များကို ဩဂုတ်လ ၂ ရက်တွင် အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ပြီး နယ်မြေပြန်ရရန် စစ်ကောင်စီဘက်က အပြင်းအထန် လေကြောင်းဖြင့် ထိုးစစ်ဆင်နေသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။