နတ်သံကွင်းမြို့ခံများ စစ်ဘေးတိမ်းရှောင်နေရသည်မှာ ၅ လ နီးပါးရှိပြီး နေရပ်မပြန်နိုင်ကြသေး

0
130
ပုံစာ - KNU အုပ်ချုပ်နယ်မြေမှစစ်ဘေးရှောင်တချို့ (Photo – CIDKP)

ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၃) ထိန်းချုပ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင် နေရသော ဒေသခံများသည် စစ်ရှောင်ကာလ ၅ လ နီးပါး ရှိလာပြီး နေရပ်သို့ မပြန်နိုင်သေးကြောင်း ဒေသခံများက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီက နတ်သံကွင်းမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်မှုခဲ့သည့်အပြင် မြို့အတွင်းသို့ ပြန်လာသူဒေသခံအချို့အား ဖမ်းဆီးမှုများ ရှိခဲ့သဖြင့် မြို့ခံအများစုမှာ ယနေ့ထက်ထိ နေအိမ်မပြန်ရဲကြခြင်း ဖြစ်ကြောင်း သိရသည်။

နတ်သံကွင်းမြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ မှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လတ်တလောတွင် နတ်သံကွင်းမြို့ပေါ်၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ မရှိတော့သော်လည်း အထက်ပါ အခြေအနေများကြောင့် စစ်ရှောင်သက်တမ်း ၅ လ နီးပါးကြာလာသည်အထိ နေအိမ်မပြန်နိုင် သေးကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက အခုလိုပြောသည်။

“အခုကတော့ နတ်သံကွင်းမြို့ထဲကနေ အပြင်ကို လက်နက်ကြီးတွေပစ်တယ်။ မြို့ထဲတော့ လက်နက်ကြီးကျတာ မရှိတော့ဘူး။ မြို့ထဲ ပစ်ချလည်း သူတို့လူပဲ ရှိတာလေ။ ဘယ်သူမှတော့ အိမ်မပြန်ရဲကြသေးဘူး။ အခု ၅ လ ပိုင်း ၂၆ ရက်နေ့ဆို မပြန်ရတာ ၅ လ ပြည့်တော့မယ်။ အလှူရှင်က ဘယ်ကမှ မလာဘူး” ဟု အဆိုပါစစ်ရှောင်အမျိုးသားက ပြောသည်။

KNU တပ်မဟာ (၃) နယ်မြေတစ်ခုလုံးတွင် စစ်ရှောင်သူဦးရေ ၂ သိန်းကျော် ရှိနေပြီး နတ်သံကွင်းမြို့ စစ်ဘေးရှောင်များသာမက အခြားမြို့နယ်၊ ကျေးရွာများမှ စစ်ဘေးရှောင်အားလုံး၏ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ရန် KNU အပါအဝင် အရပ်ဖက်စစ်ရှောင်ကူအဖွဲ့များ အနေဖြင့်လည်း အကန့်အသတ် ရှိနေကြောင်း ဒေသအခြေစိုက် စစ်ရှောင်ကူအဖွဲ့များက ပြောပါသည်။

ထို့အတူ စစ်ပြေးဒုက္ခကြောင့် စိုက်ပျိုးရေး မလုပ်ကိုင်နိုင်သဖြင့် နတ်သံကွင်းမြို့ဘေးရှိ လယ်ဧကပေါင်း ထောင်ချီ ဆုံးရှုံးမှုများ တွေ့ကြုံခဲ့ရသလို ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးရေး ပြန်လည်လုပ်ကိုင်နိုင်ခြင်း မရှိမည်ကိုလည်း စိုးရိမ်နေရသည်ဟု နတ်သံကွင်းဒေသခံ လယ်စိုက်တောင်သူအချို့က ပြောဆိုသည်။

နတ်သံကွင်းမြို့ခံ လယ်စိုက်တောင်သူတစ်ဦးက “ဒီမှာက စစ်ရှောင်နေရာ သီးသန့်မရှိဘူး KNU လည်း ဘယ်တတ်နိုင်မလဲ နတ်သံကွင်းတစ်ခုတည်းတောင် စစ်ရှောင်က နည်းတာမှ မဟုတ်တာ။ နတ်သံကွင်း ဘေးနားလေးက လယ်တွေကတော့ သူ့ရာသီကတည်းက စိုက်ပျိုးရိတ်သိမ်းဖို့ မလွယ်လို့ လယ်ဧက ထောင်ချီ ဆုံးတယ်။ ပဲတောင် ပြန်စိုက်လို့မရဘူး” ဟု ဆိုသည်။

၂၀၁၄ ခုနှစ် စစ်ကောင်စီ၏ သန်းခေါင်စာရင်းအရ လူဦးရေ ၉ ထောင်နီးပါး နေထိုင်သော နတ်သံကွင်းမြို့ အတွင်းအပြင်ရှိ ဒေသခံများသည် ဘေးလွတ်ရာကျေးရွာများသာမက ညောင်လေးပင်၊ ဖြူး အစရှိသည့် မြို့ပေါ်များအထိ သွားရောက်တိမ်းရှောင်နေရသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံက သိရှိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here