ဒေါ့ဖုန်းယန်မှာ ဒေသခံတောင်သူတွေရဲ့ စပါးများကို စစ်ကောင်စီတပ် အတင်းအဓမ္မဝယ်ယူစုဆောင်းနေ

0
310

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်အထက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေမှာ ရိက္ခာပြတ်လပ်လာတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့က ဒေါ့ဖုန်းယန်ဒေသခံတောင်သူတွေဆီကနေ ရိတ်သိမ်းပြီး ရာသီပေါ် စက်ခြွေစပါးတွေကို တင်းထောင်ချီ ဝယ်ယူစုဆောင်းနေတယ်လို့ ဒေသခံတွေထံမှ သိရသည်။

ဒေါ့ဖုန်းယန်မြို့ အခြေစိုက်ထားသည့် စစ်ကောင်စီတပ် ခလရ ၁၄၂ တပ်ဖွဲ့တွေက ဗန်းမော်ဘက်ကို ဆန်ကြိတ်ရောင်းချဖို့ တင်ပို့တဲ့ ဒေသခံတောင်သူတွေရဲ့ လယ်စပါးတွေကို ကားလမ်းနေရာတွေမှာ တားမြစ်ပြီးတော့ မရောင်းပေးမနေရ အတင်းအဓမ္မဝယ်ယူတာတွေ လုပ်ဆောင်နေတယ်လို့ ဒေါ့ဖုန်းယန် ဒေသခံတစ်ယောက်က အခုလိုပြောသည်။

“တစ်ပတ်ကျော်လောက် ရှိလာပြီ၊ ဒီကနေ ဗန်းမော်ဘက်ကို ဆန်ကြိတ်ပြီး ပြန်ရောင်းဖို့ တင်သွားတဲ့ စပါးတင်တဲ့ ကားတွေကို သူတို့တားပြီးတော့ ဝယ်ယူနေကြတယ်။ သူတို့က ဗန်းမော်ဘက်မှာ ပေါက်တဲ့စျေးနဲ့ကို ပေးဝယ်တယ်လို့ ပြောတယ်။ စစ်သားတွေက ဟိုပြောဒီပြောနဲ့ ဝယ်ယူကြတော့ ပြည်သူတွေကလည်း အပင်ပန်း မခံတော့ဘူးလေ။ အဲ့လိုနဲ့ ဝယ်ယူနေကြတယ်” လို့ ၎င်းက ပြောပါသည်။

စစ်ကောင်စီတပ်ဖွဲ့က ဗန်းမော်ဘက်ကို တင်ပို့ရောင်းချဖို့ တင်ဆောင်လာတဲ့ စက်ခြွေစပါးတွေကို ဖာဂီကျေးရွာနဲ့ ပန်ကောင်းမှူး ကားလမ်းမပေါ်တွေမှာ တားမြစ်ပြီးတော့ ဒေသခံတွေသူတွေဆီကနေ မရမက ဝယ်ယူ စုဆောင်းနေတာ နိုဝင်ဘာလကုန်ပိုင်းလောက်ကတည်းက ဖြစ်တယ်လို့ ၎င်းက ဆက်ပြောသည်။

ဒေသခံတောင်သူတွေဆီကနေ ဝယ်ယူစုဆောင်းထားတဲ့ စက်ခြွေစပါးတွေကို ပန်းကောင်းမှူးရွာမှာရှိတဲ့ စာသင်ကျောင်းဝင်းထဲမှာ စစ်အင်အား ၅၀ ဝန်းကျင်လောက်နဲ့ ဒေသခံပြည်သူတွေကို အကာအကွယ်ယူ၍ တပ်ချနေထိုင်ပြီး တစ်ပတ်အတွင်းမှာပင် စပါးတင်းထောင်ချီ ဝယ်ယူစုဆောင်းထားတာ ဖြစ်တယ်လို့ ဒေါ့ဖုန်းယန်ဒေသခံအမျိုးသားက ပြောဆိုသည်။

“စစ်သားတွေက ပန်ကောင်းမှူးစာသင်ကျောင်းဝင်းထဲမှာ ပြည်သူတွေအကာကွယ်ယူပြီးတော့ နေကြတာ ဟုတ်တယ်။ မြစ်ကြီးနား ဗန်းမော်ဘက်ကနေ ဟတ်စကီလာရင်လည်း အဲဒီပန်ကောင်းမှူးမှာပဲ ဆင်းတာ ဟုတ်တယ်။ သူတို့ရဲ့ တပ်ရှိတဲ့ ဘက်ကို မဆင်းရဲကြဘူး။ အဲ့လိုပဲ စပါးတွေဝယ်ပြီးတော့ အဲ့နေရာမှာပဲ နေလှန်းကြိတ်တာတွေ လုပ်နေကြတယ်” လို့ ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပန်ကောင်းမှူး စာသင်းကျောင်းဝင်းထဲ၌ လုံခြုံရေးခေါင်းစဉ်တပ်ပြီး ကျောင်းဝင်းအနီး ရှိသည့် အဆောက်အဦးနေရာတွင် လာရောက်တပ်စွဲနေထိုင်သည်မှာ ၆ လလောက် ကြာမြင့်လာပြီ ဖြစ်တယ်လို့ သိရသည်။

ဒေသခံတွေဆီမှ ဝယ်ယူစုဆောင်းထားသည့် စက်ခြွေစပါးများကို ဖာဂီရွာ၌ ဆန်ကြိတ်ယူပြီး ဒေါ့ဖုန်းယန် စစ်ကောင်စီတပ် ခလရ ၁၄၂ တပ်ရင်းထဲ ထပ်မံသယ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောသည်။

ဒါ့အပြင် စစ်ကောင်စီက ဗန်းမော်ဘက်ကို တင်ပို့သည့် စပါးတွေကိုသာ ဝယ်ယူစုဆောင်းတာတင် မဟုတ်ဘဲ ပန်ကောင်းမှူးရွာနဲ့ အနီးတဝိုက်ရှိ ဆားကျွန်း၊ မိုင်ဟွတ်၊ တိမ်းဖျား၊ လုံဂျာကောင်၊ ဒါဆိုင်၊ တိမ်လုံ၊ နမ်ဝိုင်နဲ့ ဖာဂီ စသည့် ကျေးရွာ ၁၀ ခု ကျော်လောက်က ဒေသခံတောင်သူများထံကနေ လယ်ကွင်းအထိ သွားရောက်ပြီး ဝယ်စုဆောင်းနေတယ်လို့လည်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ဒေသခံတောင်သူတွေဆီမှ ဗန်းမော်တွင် လက်ရှိပေါက်စျေးဖြစ်သည့် စပါးတစ်တင်းကို တစ်သောင်း ၈ ထောင်နှုန်းနဲ့ ဝယ်ယူနေပြီး ဆန်တစ်အိတ်ကို ၉ သောင်းဝန်းကျင်နဲ့ ဝယ်ယူပေးနေတယ်လို့လည်း သိရသည်။

အခုလို ဒေ့ါဖုန်းယန်တွင် စစ်ကောင်စီတပ်က စက်ခြွေစပါးတွေကို မရမက အတင်းလိုက်လံ ဝယ်စုဆောင်းတာဟာ ဒေါ့ဖုန်းယန်မြို့နယ် အထက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ကြုံလာရတာကြောင့် ဖြစ်တယ်လို့ နောက်ထပ် ဒေါ့ဖုန်းယန်ဒေသခံတစ်ယောက်က အခုလို ပြောပါသည်။

“အောက်ပိုင်းဘက်ကနေ သူတို့ရဲ့ စားနပ်ရိက္ခာတွေ မဝင်တော့တာဖြစ်တဲ့အတွက် သူတို့ရရာလမ်းကနေ လုပ်လာတယ်လို့ပဲ မြင်ပါတယ်။ သူတို့အခြေအနေကို ကြည့်ရင် ဒေါ့ဖုန်းယန် လမ်းကြောင်းအထက်မှာရှိတဲ့ တပ်စခန်းတွေမှာ ရိက္ခာတွေ ပြတ်လာတာကိုလည်း တွေ့ရတယ်။ ဒါကြောင့် အဲဒီတပ်စခန်းတွေအတွက် ဖြစ်တယ်လို့ မြင်ပါတယ်။ သူတို့ အရမ်းခက်လာလို့ လုပ်လာတာ” လို့ ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လက နမ်ဆန်ယန်ဘက်တွင် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း မြစ်ကြီးနား – ဗန်းမော် လမ်းပိုင်းကို ပိတ်ဆို့ထားတာ ၆ လလောက် ကြာမြင့်လာပြီ ဖြစ်သည်။

ယအပြင် မန္တလေးဘက်မှ ကုန်းလမ်း၊ ရေကြောင်းလမ်းနှင့် တင်ပို့လာသည့် စစ်ကောင်စီရဲ့ စစ်ရိက္ခာတင် ယာဉ်တန်းတွေကို KIA က ပိတ်ဆို့ တိုက်ခိုက်တာကြောင့် အောက်ပိုင်းဘက်ကနေ ဆန်အပါအဝင် စစ်ရိက္ခာများ တင်ဆောင်လို့မရဘဲ ပိတ်ဆို့ခံနေရခြင်း ဖြစ်သည်။

အခုလို စစ်ကောင်စီဘက်မှ ဒေသခံတောင်သူများရဲ့ စက်ခြွေစပါးတွေကို ဝယ်ယူစုဆောင်းတာမျိုး အရင်က မရှိခဲ့ပေမယ့် လက်ရှိမှာတော့ မရောင်းမပေးမနေရ စပါးတင်ကားများကို တားမြစ်ဝယ်ယူတာတွေ၊ လယ်ကွင်းအထိ သွားရောက်ဝယ်ယူတာ လုပ်ဆောင်နေတာကြောင့် ဒေသခံတောင်သူတချို့ဟာ မရောင်းပေး ချင်ပေမယ့် ရောင်းပေးနေရတဲ့သူတွေလည်း ရှိနေကြတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောဆိုသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here