ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်တွင် ကုန်တင်ယာဉ်များကို ညပိုင်း၌ဖြတ်သန်းသွားလာခွင့်ပြုနေ

0
141
ပုံစာ - ဘုရားသုံးဆူဂိတ်

ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့ နယ်စပ်ဂိတ်ကို ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ထားသော်လည်း ဇူလိုင်လဆန်းမှ စတင်၍ ညပိုင်းတွင် ကုန်တင်ယာဉ် ၁၂ ဘီးကားများကို ဖြတ်သန်းသွားခွင့်ပြုနေသည်ဟု ဘုရားသုံးဆူဒေသခံများ ပြောဆိုမှုအရ သိရသည်။

ယခုကဲ့သို့ ဖြတ်သန်းသွားလာမှုသည် ထိုင်း – မြန်မာ နှစ်နိုင်ငံဘက်မှ တရားဝင်ထုတ်ပြန် ခွင့်ပြုထားခြင်းမဟုတ်ဘဲ ဘုရားသုံးဆူဒေသရှိ DKBA လက်နက်ကိုင်အဖွဲ့နှင့် ထိုင်းအဏာပိုင်တို့ကြား ညှိုနှိုင်းမှုပြုလုပ်ပြီး သတ်မှတ်ထားသည့် အခွန်ပမာဏအတိုင်း ပေးဆောင်ပြီး သွားလာခွင့်ပြုနေခြင်းဖြစ်သည်ဟု ဆိုသည်။

ဘုရားသုံးဆူဒေသခံတစ်ဦးက “ဒီမြန်မာဘက်မှာတော့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ DKBA ကို ၁၂ ဘီးကားတစ်စီးဆို ၂၅,၅၀၀ ဘတ်၊ ဒါတင်မကဘူး PDF ဂိတ်မှာ တစ်စီး ၂၂၀၀ ဘတ်၊ နောက်ပြီး ကျုံထော PDF ဂိတ်မှာလည်း တစ်စီးကို ၅၅၀၀ ဘတ် ပေးဆောင်ရတယ်” ဟု ပြောသည်။

အဆိုပါလမ်းကြောင်းတွင် ဂိတ်ကြေး အဆမတန်ပေးဆောင် သွားလာသယ်ယူရခြင်းတို့ကြောင့် ကုန်ပစ္စည်းတင်ပို့မှု ရေရှည်လည်ပတ်နိုင်ရန် ခက်ခဲသည်ဟုလည်း ကုန်ပစ္စည်းတင်ဆောင်နေသူများက ဆိုသည်။

ဘုရားသုံးဆူနယ်စပ်ဂိတ်မှ ထိုင်းဘက်သို့ ခရီးသွားလာသူ၊ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားနှင့် ထိုင်းကျောင်းသို့တက်ရောက်သည့် အကြိုအပို့ယာဉ်များကို မနက်ပိုင်းတွင် ၆ နာရီမှ ၉ နာရီကြား၊ ညနေပိုင်းတွင် ၄ နာရီမှ ၉ နာရီကြားကန့်သတ်မှုဖြင့် ဖြတ်သန်းသွားလာခွင့်ပြုထားဆဲဖြစ်သည်။

ယင်းအပြင် နှစ်ဖက်နိုင်ငံမှ တင်ဆောင်လာသည့် ကုန်ပစ္စည်းတို့ကိုလည်း တစ်ဦးတစ်ယောက်စသည့် ပမာဏအနည်းငယ် တင်သွင်းခွင့် ပြုနေသည်ဟု သိရသည်။

“အစားအသောက်တွေ ကန့်သန့်ထားတယ်၊ ဥပမာ- လူတစ်ယောက်ဆို ဆီတစ်ဖာနှင့်အခြားအစားအသောက် အနည်းသာ တင်သွင်းလို့ရမယ်။ အိမ်တစ်အိမ်မှာ လူငါးယောက်ဆို ငါးယောက်စာရတာပေါ့” ဟု နယ်စပ်ဂိတ်အနီး နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ဘုရားသုံးဆူမြို့နယ်စပ်ဂိတ်ကို ဇွန်လ ၁၅ ရက်နေ့မှ စတင်၍ ၁၀ ရက်ပိတ်ထားရန် မြန်မာအာဏာပိုင်တို့မှ ပြောဆိုထားကြောင်း ထိုင်းနိုင်ငံ စံခလဘူရီ အကောက်အခွန်အကြီးအကဲက ထိုင်းသတင်းတွင် ပြောဆိုထား ကြောင်း သိရသည်။

လာမည့် ဇူလိုင် ၁၉ ရက်နေ့တွင် စံခလပူရီအခြေစိုက် ထိုင်းအာဏာပိုင်အဖွဲ့နှင့် မြန်မာအာဏာပိုင်တို့ကြား ဘုရားသုံးဆူဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးညှိနှိုင်းသွားရန် ရှိသည်ဟုလည်း သိရှိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here