30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းထိုင်း – ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတွင် ဆန်ရိက္ခာထောက်ပံ့မှု မရရှိတော့

ထိုင်း – ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတွင် ဆန်ရိက္ခာထောက်ပံ့မှု မရရှိတော့

ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ကရင်နီ (ကယား) ပြည်နယ်စပ်က စစ်ရှောင်စခန်းတခုတွင် ပြီးခဲ့သည့်မတ်လကစပြီး အလှူရှင်များဆီကနေ ထောက်ပံ့မှုမရရှိတော့ကြောင်း စစ်ရှောင်စခန်းဥက္ကဌဖြစ်သူ ခူးဖရေရယ်က ပြောသည်။

ပြီးခဲ့သည်လတွေက ကျန်ရှိသေးသည့်လက်ကျန်ဆန်ကို စစ်ဘေးရှောင်တစ်ဦးကို ၃ ကီလိုနှုန်းဖြင့် ပေးဝေနိုင်ခဲ့သည် ၎င်းက ဆိုသည်။

စစ်ရှောင်စခန်းဥက္ကဌ ခူးဖရေရယ်က “ဒီမတ်လကနေစပြီး ကျနော်တို့ရိက္ခာ မရရှိတော့ဘူးပေါ့နော။ လက်ကျန် နည်းနည်းပါးပါးရှိတယ်။ အဲ့ဒီဟာလေးနဲ့ပဲ ကျနော်တို့ပြည်သူတွေကို ဝေမျှပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လုံးဝကို လုံလောက်မှုတော့မရှိဘူးပေါ့” ဟု ပြောသည်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က မြန်မာအပါအဝင် တခြားသောနိုင်ငံများကို ပေးနေသည့်အကူအညီများ ဖြတ်တောက်ခံရပြီးနောက် အလှူရှင်များကိုမှီခိုနေကြရသည့် စစ်ရှောင်စခန်းများတွင် ရိက္ခာရရှိမှု ပြတ်တောက်ခဲ့ရသည်။

အဆိုပါစစ်ရှောင်စခန်းတွင် လူဦးရေ ၃၀၀၀ ဝန်းကျင်ရှိပြီး USAID ကနေ ထောက်ပံ့မှုရရှိသည့် လူမှုအသင်းအဖွဲ့ များက တဆင့် ဆန်၊ ဆီ ၊ ဆား၊ ပဲ၊ ငါးခြောက် စသည့် ရိက္ခာခြောက်တို့ကို စစ်ရှောင်ပြည်သူများက ပုံမှန်ရရှိခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိ၌ ကရင်နီအရေးပေါ်ကယ်ဆယ်ရေး (CTER-Karenni) ၏ ထောက်ပံ့မှုကို မျှော်လင့်နေရပြီး ရေရှည် စားနပ်ရိက္ခာအတွက် စစ်ရှောင်စခန်းအနီးအနား တောင်ယာခုတ်စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဥက္ကဌ ခူးဖရေရယ်က ဆက်ပြောသည်။

“ဒီစစ်ရှောင်မှာကြတော့ နှစ်တိုင်းလိုလို စိုက်ပျိုးတာမျိုးတော့ မရှိဘူးပေါ့။ ဒါပေမယ့် ဒီနှစ်မှပဲ ကျနော်တို့ တောင်ယာခုတ်ဖို့ စီစဉ်ပေးတာတော့ရှိတယ်။ ဒါပေမယ့် အခုမှ စခုတ်တယ်ဆိုတော့ နောက်နှစ်မှပဲ စားရမယ်ပေါ့” ဟု ခူးဖရေရယ်က ပြောသည်။

စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များသည် စားဝတ်နေရေးဖြေရှင်းနိုင်ရန် ဝင်ငွေရရှိသည့် အလုပ်အကိုင် မရှိတာကြောင့် ရေရှည်တွင် ပိုမိုအခက်ကြုံနိုင်တာကြောင့် တောင်ယာလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိပါက ဝမ်းရေးအတွက် တစ်နှစ်စာဖူလုံနိုင်သည်ဟု စစ်ရှောင်စခန်းတွင်နေထိုင်သည့် ဦးဗျားရယ်က ပြောသည်။

“တကယ်လို့ တောင်ယာပေးလုပ်ရင် စပါးမျိုးတပုံးစိုက်ရရင် စပါးအိတ်တစ်ဆယ်နှစ်ဆယ်လောက်ရရင် အဲ့ဒါတစ်နှစ်စာ စားလို့ရတယ်” ဟု ဦးဗျားရယ်က ပြောဆိုသည်။

အဆိုပါ စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦးရေ ၃၀၀၀ ဝန်းကျင်ရှိပြီး ယခင်က လစဉ်လူတစ်ဦးကို ၁၅ ကီလိုနှုန်းဖြင့် ဆန်ထုတ်ပေးရာ၌ လစဉ်ပျမ်းမျှ ဆန်အိတ် ၆၀၀ နှင့် ၇၀၀ ကြား ဆန်ပေးဝေရကြောင်း သိရသည်။

အမေရိကန်အစိုးရ၏ နိုင်ငံတကာကိုထောက်ပံ့ပေးတဲ့ အကူအညီများ ရပ်ဆိုင်းခံရပြီးနောက် ထိုင်း-ကရင်နီ နယ်စပ်က စစ်ဘေးရှောင်များအပြင် ကရင်နီပြည်တွင်းက စစ်ရှောင်စခန်းအများစုတွင်လည်း ဆန်ရိက္ခာပြတ်လပ်မှုကို ပိုမိုကြုံတွေ့လာနေရသည်ဟု သိရှိရသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။