ထိုင်းနိုင်ငံမှပြန်ပို့ခံရပြီး စစ်မှုထမ်းရန်အဓမ္မပို့ဆောင်ခံရသူ ၂၇ ဦး ပြန်လည်ထွက်ပြေးလွတ်မြောက်လာ

0
248

ထိုင်းရဲတပ်ဖွဲ့ကဖမ်းမိခဲ့သည့် မြန်မာလုပ်သားများကို စစ်ကောင်စီထံအပ်နှံခဲ့ရာက စစ်မှုထမ်းဆောင်ရန် အဓမ္မ ပို့ဆောင်ခံခဲ့ရသည့် လူငယ် ၂၇ ဦးသည် မြိတ်ခရိုင်၊ ပလောမြို့ပင်လယ်ပြင်သို့ရောက်လာစဉ် အစောင့်စစ်သား နှစ်ဦးကို တိုက်ခိုက်ပြီး ပြန်လည်ထွက်ပြေး လွတ်မြောက်လာကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ အဓမ္မစစ်သားစုဆောင်းခံရပြီး ပလောက်မြို့အခြေစိုက် စစ်ကောင်စီ တိုင်းဗဟို ၁၂ ဆီသို့ ရေလမ်းခရီးမှ ပို့ဆောင်စဉ် အဆိုပါလူငယ်များက လက်နက်ကိုင်အစောင့်တပ်သား၂ ဦးကို ပြန်လည်ခုခံပြီး လက်နက်လုယူထွက်ပြေးလွတ်လာခဲ့သည်ဟု ပုလောမြို့နယ်၊ ခန္တီကျေးရွာအနီးရှိ ရွာသားများက ပြောသည်။

အဆိုပါ မြန်မာလုပ်သားများသည် စက်တင်ဘာလပထမပတ်ထဲတွင် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကိုခံခဲ့ပြီးနောက် စစ်ကောင်စီထံ အပ်နှံခံခဲ့ရာတွင် စစ်ကောင်စီက အတင်းအကြပ် စစ်မှုထမ်းခိုင်းစေရန် ပို့ဆောင်ခံခဲ့ရသူများဖြစ်သည်ဟု ဆိုသည်။

ထိုသို့ပို့ဆောင်ခံရစဉ် စက်တင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ်၊ ခန္တီကျေးရွာအနီး ပင်လယ်ပြင်သို့ ရောက်ရှိလာစဉ် လှေ ၃ စီးထဲက လူသစ်စုဆောင်းခံရသူများပါ လှေတစ်စီးသည် စစ်ကောင်စီအစောင့် ၂ ဦးထံက MA သေနတ်နှစ်လက်ကိုလုယူပြီး ရေထဲတွန်းချကာ ထွက်ပြေးလွတ်လာခဲ့ခြင်းဖြစ်သည်ကိုသိရကြောင်း ရွာသားတစ်ဦးက ပြန်ပြောသည်။

ပြန်လည်လွတ်မြောက်လာသူ အသက် ၂၉ နှစ်အရွယ်လူငယ်တစ်ဦးက “ဝိုင်းဝန်းလုံးထွေးသတ်ပုတ်ပြီး သေနတ်လုယူခဲ့ရတာ။ ပြီးမှ လူနှစ်ယောက်စလုံး ရေထဲပစ်ချလိုက်တာ” ဟု ပြောသည်။

အဆိုပါလှေသုံးစီးစလုံးတွင် ပါလာသူများမှာ ထိုင်းနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး ပြန်ပို့ခံရသူများဖြစ်ကြကြောင်းနှင့် ကော့သောင်းမြို့ ဆိပ်ခံဘောတံတားတွင် စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းနောက် ဖမ်းဆီးစုဆောင်းခံထားရသူများကို စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၅) သင်တန်းကို တက်ရောက်ရန်အတွက် စက်တင်ဘာလ ၇ ရက်နေ့ညက ငါးဖမ်းလှေ ၃ စီးဖြင့် ပို့ဆောင်ရန် မြိတ်မြို့မှ ထွက်ခွာလာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်ခုခံထွက်ပြေးလွတ်လာသူများ၏ လှေပေါ်တွင် စုဆောင်းခံရသူ ၂၇ ဦးနှင့် အစောင့်အဖြစ် လက်နက်ကိုင် စစ်ကောင်စီတပ်ကြပ်ကြီး ၂ ဦးတို့ပါလာပြီး ကျန်သည့်လှေနှစ်စီးတွင်လည်း ဖမ်းဆီးခံရထားရသူများပါလာကြောင်းနှင့် အရေအတွက် အတိအကျကိုမူ မသိရှိရပေ။

အဆိုပါလွတ်မြောက်လာသည့်လူငယ်များသည် လက်ရှိတွင် KNU ထားဝယ်ခရိုင် တပ်မဟာ (၄) ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇)၊ တပ်ခွဲ (၅) နေရာ၌ သွားရောက်ခိုလှုံနေကြဟု နီးစပ်သူရွာသားတစ်ဦးက အတည်ပြုပြောသည်။

အလားတူ ကရင်ဘာသာဖြင့်ထုတ်ဝေသော Kwekalu သတင်းတွင်လည်း ထွက်ပြေးလွတ်မြောက်လာကြသူ ၂၇ ဦးကို KNU ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်း (၇) က စောင့်ရှောက်ထားသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

စစ်ကောင်စီက အတင်းအကြပ် စစ်မှုထမ်းခိုင်းနေချိန်၌ ထိုင်းနိုင်ငံဘက်က ဖမ်းမိသည့် မြန်မာလုပ်သားများကို စစ်ကောင်စီတပ်ဘက်ကို လွှဲပေးနေသည့်ကိစ္စရပ်များကို အထူးသတိထားဖို့လိုအပ်သည်ဟု (KNU) ထားဝယ်ခရိုင် အတွင်းရေးမှူးပဒိုစောအယ်နားက ပြောဆိုထားသည်ကို သတင်းမီဒီယာတချို့တွင် တွေ့ရသည်။

ပလောက်တပ်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပျောက်ဆုံးနေသည့်စက်လှေနှင့် ထွက်ပြေးလွတ်မြောက်သူများကို ပြန်လည်တွေ့နိုင်ရန် ဥယျာဉ်ကမ်း၊ လိပ်သောင်၊ ပြင်ဘုကြီး၊ ခန္တီ၊ ကုလားမခေါင်း၊ တောင်ခေါင်းလောင်း စသည့် ကျေးရွာများနှင့် အနီးနားရှိ ပင်လယ်ပြင်တဝိုက်ကို ပိုက်စိပ်တိုက်ရှာဖွေမှုများလုပ်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ကလည်း ပုလောမြို့နယ်၊ ပလောက်မြို့ အမှတ် (၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ သင်တန်းဆင်းများကို ရေလမ်းခရီးဖြင့် ရှေ့တန်းပို့ဆောင်ချိန် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းသူတစ်ဦး ပင်လယ်ပြင်အတွင်းသို့ ခုန်ချကာ မိမိကိုယ်မိမိအဆုံးစီရင်ခဲ့သေးသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here