ထိုင်းနယ်စပ် ကရင်နီစစ်ရှောင်များ နေထိုင်စရာ အတည်တကျမရှိသေး

0
335
ပုံစာ- စစ်ရှောင်စခန်းတခုမှ ကရင်နီစစ်ရှောင်တချို့။

ထိုင်း – ကရင်နီ (ကယား) နယ်စပ်က ဒေါနိုးကူးစစ်ဘေးရှောင်များမှာ နေထိုင်စရာနေရာ အတည်တကျ မရှိသေးသောကြောင့် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည်ဟု ‌စစ်ရှောင်များကို ကူညီပေးနေသူတွေထံမှ သိရသည်။

ထိုင်း-ကရင်နီနယ်စပ် ကရင်နီဘက်ခြမ်း ဒေါနိုးကူးစစ်ရှောင်စခန်းမှ ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာကြရသည့် ကရင်နီစစ်ရှောင်များမှာ နေစရာနေရာ အတည်တကျ မရှိသေး၍ နေရာထိုင်ခင်း အခက်အခဲဖြစ်နေသည်ဟု အဆိုပါစစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဒေါနိုးကူးရွာ အပြင်နားမှာပေါ့၊ ထိုင်းနယ်ထဲဘက်မှာ သူတို့တဲအိမ်တွေ ခဏ သွားဆောက်ထားတာရှိတယ်။ ဒါပေမယ့် ထဟန် (ထိုင်းစစ်သား) တွေက တွေ့တော့ ထဟန် (ထိုင်းစစ်သား) တွေက အခု ပြန်ဖြုတ်ခိုင်းထားတယ်။ လုံးဝ ခွင့်မပြုဘူးပေါ့နော်။ နေမယ်ဆိုရင် ညောင်ပင်အောက်မှာ နေလို့ရတယ် မဟုတ်ရင် ဒေါနိုးကူး မှာပဲနေ အဲ့လိုရှိတယ်” ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံနေကြရသည့် ဒေါနိုးကူး စစ်ဘေးရှောင်များကို ထိုင်းအာဏာပိုင်များက သတ်မှတ်ပေးထားသည့် နေရာကလွဲ၍ အခြားနေရာများတွင် နေထိုင်ခွင့်မပြုဘူးဟု စစ်ရှောင်များကို ကူညီပေးနေသူက ဆက်ပြောသည်။

“သူတို့ရဲ့ ပေါ်လစီအရတော့ အများဆုံး နှစ်လနေခွင့် ရှိတယ်။ ဒါပေမယ့် ငြိမ်ရင်ပြန်တက် အဲ့လိုပဲ။ ဒေါနိုးကူး ရွာမှာ အခြေအနေ ပြန်ငြိမ်ပြီဆို ပြန်ပြန်ပေါ့နော်။ ဒါပေမယ့် အခြေနေဆိုးသေးတယ်ဆိုရင်တော့ သူတို့ လက်ခံ ထားပေးတယ်။ ညောင်ပင်အောက်ပဲပေါ့နော်။ ညောင်ပင်အောက်ကနေ တခြားနေရာ သွားလို့မရဘူး”ဟု ဆိုသည်။

ထိုင်းအာဏာပိုင်များက ယာယီစီစဉ်ပေးထားသည့် နေရာတွင် ၃ လခန့် နေထိုင်ခဲ့ပြီး ယခုလက်ရှိ ကျန်းမာရေး ထောက်ခံစာနှင့် အမှတ်-၁ ကရင်နီဒုက္ခသည်စခန်းတွင် ခေတ္တသွားရောက် နေထိုင်နေသော ဒေါနိုးကူး စစ်ရှောင်စခန်းက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက လက်ရှိစစ်ဘေးရှောင်များ ကြုံနေရသည့် အခြေအနေများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“သူတို့ရွာပြင်မှာပဲ သွားအိပ်တယ် ပြောတာပဲ။ ဒေါနိုးကူးက လူတွေလေ နောက်ထဟန်(ထိုင်းစစ်သား) တွေ က သူတို့ကိုလာတွေ့တော့ နင်တို့ ဒီမှာမနေနဲ့ နင်တို့ရွာထဲမှာ ပြန်ဝင်နေ မနေချင်ရင်လည်း ဒီမှာပြန်ဆင်းလာ နေတဲ့ လောလောဆယ်တော့ ဒီမှာ ခဏလေး ပြန်လာနေခိုင်းတယ်လေ။ ညောင်ပင်အောက်မှာပေါ့”ဟု ပြောသည်။

ဒေါနိုးကူးစစ်ရှောင်ပြည်သူများက ၎င်းတို့ စခန်းနေရာနှင့် နီးသောနေရာ၊ မလှမ်းမကမ်းနေရာတွင် နေချင်ကြ သော်လည်း ထိုင်းအာဏာပိုင်များက သတ်မှတ်ပေးထသည့် လက်ရှိနေထိုင်ခွင့်ပေးထားသော ညောင်ပင်အောက်ဆိုသည့် နေရာတွင် နေနေကြရသည်။ အဆိုပါနေရာမှာ စစ်ရှောင်များအတွက် ယခင် စခန်းဟောင်း ဒေါနိုးကူးနှင့် ဝေးလွန်းသောကြောင့် အဆင်မပြေကြဘူးဟု ဆိုသည်။

စခန်းဟောင်းနှင့် ဝေးသောနေရာတွင် သွားနေထိုင်ကြပါက စခန်းတွင်းကျန်ရှိနေသည့် ပစ္စည်းများ အခိုးခံရပြီ ပျောက်ဆုံးကုန်မှာကို စိုးရိမ်နေကြသည်ဟု ဆိုသည်။

ထို့ကြောင့် ဒေါနိုးကူးစစ်ရှောင်စခန်းအနီး ထိုင်းဘက်ခြမ်းက နေရာတစ်ခုတွင် စစ်ရှောင်အချို့မှာ ယာယီတဲများ ထိုးကာ နေထိုင်လျှက်ရှိပြီး ထိုင်းအာဏာပိုင်များက အဆိုပါနေရာမှ ၎င်းတို့သတ်မှတ်ပေးထားသော နေရာသို့ ပြောင်းရွှေ့ကြရန် ပြောဆိုလာသည်ဟု ဆိုကြသည်။

ဒေါနိုးကူး စစ်ဘေးရှောင်များမှာ လက်ရှိတွင် နေရာထိုင်ခင်းအခက်အခဲအပြင် စားနပ်ရိက္ခာ ထောက်ပံ့မှုများ လည်း လျော့နည်းလာ၍ ရိက္ခာပြတ်လပ်လာသည်ဟု စစ်ရှောင်ကူညီသူများက ဆိုကြသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်အတွင်းက တိုက်ပွဲများကြောင့် တပြည်နယ်လုံးက ပြည်သူများ ဘေးလွှတ်နိုင်မည့် နေရာများဆီသို့ အသီးသီး ထွက်ပြေးကြရချိန် ထိုင်း-ကရင်နီ နယ်စပ်ကို လူဦးရေ အယောက် ၅၀၀၀ ခန့် ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။ ၎င်းတို့ တဲထိုးနေထိုင်သည့် နယ်စပ် ကရင်နီဘက်ခြမ်းမှ နေရာသည် ဒေါနိုးကူးစစ်ရှောင်စခန်း ဖြစ်သည်။

ထိုသို့ စစ်ရှောင်နေကြသော ပြည်သူများကို စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့သောကြောင့် လက်ရှိတွင် ထိုင်း- မြန်မာ နယ်စပ် ကရင်နီဘက်ခြမ်းမှ ထိုင်းဘက်ခြမ်းထဲ ထပ်မံထွက်ပြေးလာကြရသည်။

လောလောဆယ်တွင် ဒေါနိုးကူးမှ စစ်ရှောင်ပြည်သူ အယောက် ၈၀၀ ခန့်သည် ထိုင်းအာဏာပိုင်များက သတ်မှတ်ပေးထားသော ထိုင်းဘက်ခြမ်းရှိ အမှတ် ၁ ကရင်နီဒုက္ခသည်စခန်းနားရှိ ညောင်ပင်အောက်ဆိုသော နေရာတွင် နေနေကြရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here