ထိုင်းနယ်စပ်နှင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည့် ရေဖြူဒေသခံအများစု နေရပ်မပြန်ရဲကြသေး

0
144
Photo - Mon Relief and Development Center

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန်လအတွင်း၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိုင်းနယ်စပ်နှင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသော ဒေသခံအများစုသည် နေရပ်မပြန်လာနိုင်ကြသေးကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF ထံက သိရသည်။

တိုက်ပွဲများကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးသွားသော ဒေသခံများသည် ထိုင်း – မြန်မာ နယ်စပ်ဘက်ကို တိမ်းရှောင်လာကြသလို အနီးအနား ကျေးရွာများတွင်လည်း ခေတ္တတည်းခို တိမ်းရှောင်နေပြီးနောက် နေရပ်သို့ ပြန်သွားကြသူအချို့လည်းရှိသည်ဟု MSRF ပြောခွင့်ရ နိုင်နဂါးက ပြောသည်။

“အတော်များများကြတော့ လုံးဝပျက်စီးဆုံးရှုံးသွားတဲ့ ပြည်သူတွေကြတော့ ထိုင်းမြန်မာနယ်စပ် ခလော့ခနီဆိုတဲ့ ရွာကို တိမ်းရှောင်လာကြတယ်။ ဘုန်းကြီးကျောင်းမှာ တည်းခိုနေကြတယ်လို့ ကြားတယ်။ တချို့ကလည်း အနီးအနားမှာရှိတဲ့ ရွာတွေမှာ ခေတ္တတည်းခိုနေတာ ရှိတယ်။ တချို့ကျတော့ ပြန်သွားတာတွေ ရှိတယ်။ စစ်တပ်က ထွက်သွားပြီဆိုတော့ တချို့ကျတော့လည်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာဒေသ ဝယ်ဇင်ဘက် တိမ်းရှောင်လာ ကြတာရှိတယ်လို့ ကျွန်တော်တို့ ကြားရတယ်” ဟု နိုင်နဂါးက ပြောဆိုသည်။

ထိုင်း – မြန်မာနယ်စပ် မြန်မာဘက်ခြမ်းဖြစ်သည့် ခလော့ဂနီကျေးရွာတွင် တိမ်းရှောင်လာကြသည့် ရေဖြူဒေသခံ စစ်ရှောင်ပြည်သူ ၁၃၀ ဝန်းကျင် ရှိပြီး ထိုအထဲတွင် အသက် ၆ နှစ်အောက် ကလေးများအပါအဝင် နို့တိုက်မိခင်များလည်း ပါဝင်ကြောင်း နိုင်နဂါးက ဆက်ပြောသည်။

စစ်ကောင်စီက လနှင့်ချီ လက်လွှတ်ခဲ့ရသော ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ဇွန် ၇ ရက်နေ့ကစတင်ပြီး ရေဖြူမြို့နယ်သို့ စစ်အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးဝင်လာပြီးနောက် ဇွန်လ ၁၉ ရက်နေ့တွင် နှစ်ဖက်တပ်အကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းနှင့်ပါ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရေဖြူမြို့နယ် မျောက်ချောရွာက နေအိမ် အလုံး ၄၀ လောက် မီးလောင်ပျက်စီးခဲ့ရပြီး အနီးဝန်းကျင် ကျေးရွာ ၉ ရွာတို့မှ ဒေသခံ ၃၇၀၀ ဝန်းကျင်သည် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည်။

သက်ဆိုင်ရာဒေသအလိုက် တိမ်းရှောင်လာကြသော ရေဖြူဒေသခံများကို မွန်ပြည်သစ်ပါတီအပါအဝင် မွန်အရပ်ဘက် အဖွဲ့အစည်းများနှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီတို့က လိုအပ်သော ဆေးဝါး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အစားအသောက်နှင့် နေထိုင်ရေးအတွက် ကူညီထောက်ပံ့ပေးနေသည်ဟု ဆိုသည်။

နိုင်နဂါးက “အကုန်လုံး မပြန်ဘူး၊ တချို့ကျတော့လည်း ပြန်ဖို့ မစဉ်းစားတော့ဘူး၊ အဲဒီလို ရှိတယ်။ လုံးဝ အကုန် မပြန်ရသေးပါဘူး။ အခုန ကျွန်တော်ပြောသလိုပဲ၊ ဝယ်ဇင်နဲ့ ခလော့ခနီဘက်ကို ထွက်သွားတာတွေတော့ ရှိတယ်။ တချို့ကျတော့ ပြန်ဖို့ မစဉ်းစားတော့ဘူး။ ဒီနယ်ခြားမှာပဲ အခြေချဖို့ စဉ်းစားနေကြတယ်လို့ ပြောနေကြတာလည်းရှိတယ်” ဟု ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်စုရှိ မျောက်ချောရွာအပါအဝင် မရော့ပ်ချိုင်း၊ သဲချောင်း၊ ပနန်းပုံ၊ လှည်းဆိပ်၊ နဂါးအိုင်၊ ကျောင်းဒုံး၊ ရုံးပိုင်နှင့် မိတ်ဇိပ်ရွာတို့မှ အိမ်ထောင်စု ၇၆၀ ခန့် စစ်ဘေးသင့်ခဲ့သည်။

လက်ရှိ၌ ရေဖြူမြို့နယ် မျောက်ချောရွာတွင် စခန်းချထားသော စစ်ကောင်စီတပ်သည် ကျေးရွာကနေ ခေတ္တ ထွက်ခွာသွားပေမယ့် ဇူလိုင် ၂ ရက်နေ့တွင် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ လဲရှောင်ကျေးရွာအနီး၌ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက်က ၄ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here