ထားဝယ်မြို့ပေါ်ရပ်ကွက်များကို ဧည့်စာရင်းဝင်စစ်ပြီး လူငယ်များကို စစ်ကောင်စီဖမ်းဆီးနေ

0
355
Photo - Social Media

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များကို စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြ စစ်ဆေးမှုတို့ကို ခပ်စိပ်စိပ်ပြုလုပ်လာပြီး လူငယ်အမျိုးသားများကို ဖမ်းဆီးမှုရှိနေသည်ဟု ထားဝယ်ဒေသခံများက ပြောသည်။

ထားဝယ်မြို့ပေါ်ရှိ အိမ်ရှေ့ပြင်၊ ကြက်စာပြင်နှင့် မြို့သစ်ရပ်ကွက်အပါအဝင် ရပ်ကွက်တော်တော်များများကို ဇန်နဝါရီဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်က ညဖက်များတွင် ဧည့်စာရင်းဝင်စစ်၍ လူငယ်အမျိုးသားများကို ဖမ်းဆီးနေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောဆိုသည်။

ဒေသခံတို ပြောဆိုချက်အရ ယခုရက်ပိုင်း စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်များ၌ အစစ်ဆေးကြမ်းတမ်းနေသလို ဧည့်စာရင်းစစ်အကြောင်းပြ ဖမ်းဆီးသွားပြီး နောက်တစ်နေ့တွင် ပိုက်ဆံနှင့် ပြန်လည်ရွေးထုတ်ရသည့် ဖြစ်စဉ်များလည်းရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့ ညပိုင်းက အိမ်ရှေ့ပြင်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခု၌ လာရောက်တည်းခိုနေသော ဧည့်သည် အမျိုးသမီး/အမျိုးသား အယောက် ၅၀ ခန့်ကို စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးသွားကြောင်း မြိုခံတို့က ပြောဆိုသည်။

အဆိုပါ အမျိုးသမီးအမျိုးသား ၅၀ ခန့်သည် တနင်္သာရီတိုင်းမှတဆင့် ထိုင်းနိုင်ငံကို တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက် အလုပ်လုပ်ကိုင်မည့်သူများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က စစ်သည်အင်အားလိုချက်နှင့် စစ်မှုထမ်းလူဦးရေ မရရှိတာကြောင့် မြို့ပေါ်ရှိ စစ်မှုထမ်းမည့် လူငယ်များရရှိအောင် ဖမ်းဆီးနေခြင်းဖြစ်သည်ဟု မြို့ခံများက သုံးသပ်ပြောဆိုကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခဲ့သည့် အရပ်သားပြည်သူ ၃၄၀ ဦးထက်မနည်းရှိပြီး ယင်းတို့ထဲမှ ၁၀၇ ဦးသာ ပြန်လွတ်လာခဲ့သည်ဟု ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 Thanintharyi ၏ အစီရင်ခံအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here