တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်တစ်ခုလျှင် အမျိုးသားတစ်ဦးနှုန်း စစ်မှုထမ်းဆောင်ရန် စစ်ကောင်စီက ယခုဇန်နဝါရီလ ဒုတိယအပတ်အတွင်း နေအိမ်များထိအိမ်တိုင်ရာရောက် လိုက်လံ အမိန့်ပေးခေါ်ယူနေသည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက် ၁၅ ခုတွင် စစ်ကောင်စီက ရပ်ကွက်တစ်ခုလျှင် ၁ ယောက်နှုန်းဖြင့် စစ်မှုထမ်းစာရင်းအတွက် ရွေးချယ်ထားပြီးသူ အမျိုးသား ၁၅ ဦး နေထိုင်ရာနေအိမ်များထံသို့ အမိန့်ပေးအကြောင်းကြားစာရွက် ပေးဝေခဲ့ခြင်းဖြစ်သည်ဟု လက်ခံရရှိသည့် မြို့ခံများက ပြောသည်။
“အရင်လို မဲဖောက်တာမဟုတ်ဘူး။ ရုံးလာရမယ်ဆိုပြီး လိုက်ခေါ်ကတည်းက သူတို့မှာစာရင်း အတိအကျ ရထားပြီးသား။ နာမည်စာရင်းပါသူတွေရဲ့အိမ်ထိ စာလိုက်ပို့ပြီး ဇန်နဝါရီ ၁၃ ရက်နေ့က ရုံးကိုလာခိုင်းတာ။ စစ်မှုထမ်းရမယ့်သူတစ်ယောက်ဆို သူကိုယ်တိုင်ရောဂါသည်မို့လို့ ရုံးအထိ တောင်းတောင်းပန်ပန်နဲ့ သွားပြောတာကိုမရဘူး။ အိမ်ပေးမပြန်ဘဲ တခါတည်းခေါ်ထားလိုက်တယ်” ဟု စစ်မှုထမ်းခေါ်ယူခံရသူ မိသားစုများနှင့်နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။
ထို့အပြင် နာမည်စာရင်းပါသဖြင့် စစ်မှုထမ်းရမည့်သူမပါဘဲ ရုံးသို့လာသည့် မိသားစုဝင်များအား ကာယကံရှင်ကိုခေါ်၍ ထပ်မံလာရောက်ရန် ပြောဆိုပြီး ပြန်လွှတ်ခဲ့သည်ဟုလည်း အဆိုပါမြို့ခံက ဆက်ပြောသည်။
ယင်းအပြင် ဇန်နဝါရီဒုတိယအပတ်ကစ၍ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်အချို့၌ ဧည့်စာရင်း လိုက်လံစစ်ဆေးနေပြီး စစ်ကောင်စီ၏ ပေါ်တာဆွဲခြင်းခံလိုက်ရသည့် လူငယ်အချို့လည်းရှိကြောင်း ထားဝယ်မြို့တွင်း တော်လှန်ရေးသတင်းအရင်းအမြစ်များက ပြောဆိုသည်။
ထားဝယ်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၄)၊ ဘိတ်-ထားဝယ်ခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်းရှိပြီး မြို့ပေါ်မှကျေးရွာများသို့ လမ်းတလျှောက်တွင် စစ်ကောင်စီတပ်၏ အစစ်အဆေး များပြားသည့်အပြင် KNU ဘက်ကလည်း သတိပေးထားသဖြင့် ပို၍သတိထားသွားလာရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“စစ်တပ်က လှုပ်ရှားတာတွေရှိလာလို့ ခရိုင်ထဲမှာနေတဲ့ အထူးသဖြင့် အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်တွေ သတိထားသွားလာဖို့ KNU က စာထုတ်ထားတယ်လေ။ ကျမတို့လည်း အစစ်အဆေးများလွန်းလို့ မြို့ပေါ်မရောက်တာ နှစ်နဲ့ချီရှိပြီ” ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။
စစ်မှုထမ်းဥပဒေ ထုတ်ပြန်လာပြီးနောက် ထားဝယ်မြို့နေ လူငယ်များအား စစ်မှုထမ်းသင်တန်းအတွက် အဓိက ခေါ်ယူမှုများနေပြီး စစ်မှုမထမ်းနိုင်ပါက စစ်ကောင်စီသို့ ကျပ်ငွေသိန်းဆယ်နှင့်ချီ ပေးဆောင်ရသည့်ဖြစ်စဥ်မျိုးရှိခဲ့ကြောင်း မြို့နေပြည်သူများပြောဆိုမှုအရ သိရသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလတစ်လလုံးတွင်လည်း စစ်ကောင်စီက တနင်္သာရီတိုင်းအတွင်း တပ်အင်အားတိုးချဲ့မှုများ ရှိလာပြီး အတင်းအဓမ္မ လူသိထင်ရှားသော်လည်းကောင်း၊ လူသူမသိသော်လည်းကောင်း ပေါ်တာဆွဲဖမ်းဆီးသည့်ဖြစ်စဥ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည် ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို မှတ်တမ်းပြုစုနေသော FE5 Tanintharyi က ဆိုသည်။
KIC ပေးပို့သည်။