ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး စစ်ကောင်စီနှင့် ပစ်ခတ်မှုအတွင်း ကျဆုံး

0
361
ပုံစာ - ကျဆုံးသွားသည့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦး

ထားဝယ်မြို့နယ် အရှေ့တောဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၁) မှ တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့ ဇွန်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ထားဝယ် – ထီးခီး လမ်းမကြီးပေါ်တွင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီမှ အရာရှိများလိုက်ပါလာသည့် စစ်ကောင်စီယာဉ်တန်းကို PDF ပူးပေါင်းတပ်ဖွဲ့က အကြိမ်ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့သည့် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပစ်ခတ်မှုအတွင်း ထားဝယ်ခရိုင် တပ်ရင်း (၁) မှ ရဲဘော်ပီတီ နှင့် ရဲဘော်ဝီစကီတို့ ကျဆုံးခဲ့ပြီး ကျန်တစ်ဦးသည် လက်နက်ကြီးစ ထိမှန် (ရှပ်ထိ) မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်ဟု PDF ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

“စစ်ကောင်စီယာဉ်တန်းကို ခြုံခိုတိုက်ခိုက်နိုင်ဖို့အတွက် စစ်ကြောင်းချီနေတဲ့အချိန်မှာ ရဲဘော်ပီတီက ခြေထောက် ကြွက်တက်လာတယ်၊ သူ့ကိုကူညီပေးဖို့ ရဲဘော်ဝီစကီနဲ့ နောက်ထပ်တစ်ယောက် လမ်းမှာကျန်ခဲ့တယ်။ အဲ့ဒီအချိန် စစ်ကောင်စီစစ်ကြောင်းက ရှေ့ပွိုင့်နဲ့တွေ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ကြတဲ့အချိန် ကျည်ထိမှန်ပြီး နှစ်ယောက်စလုံး နေရာမှာ ကျဆုံးသွားတာ” ဟု ထားဝယ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ဇွန်လ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်က ထားဝယ်-ထီးခီး လမ်းပိုင်းရှိ ဗဲ့မဲ့တတ်တောင်အနီး လူခွဲကျန်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးနှင့် စစ်ကောင်စီစစ်ကြောင်းတို့ ထိတွေ့ပစ်ခတ်မှုအတွင်း အဆိုပါ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ ယာဉ်တန်းတွင် မြေသယ်ကားများအပါအဝင် စစ်ကား (ဖောကား) ၁၅ စီးနှင့် အိမ်စီးကား အသေး ၃ စီးကို မြင်တွေ့လိုက်ရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် သင်္ကန်းတုံးကျေးရွာတွင် ဝင်ရောက် စခန်းချနေထိုင်ခဲ့ပြီး နေအိမ်တချို့ကို ရိုက်ချိုးဖျက်ဆီး၍ နေအိမ်များအတွင်းရှိ စက်ဘီးအပါအဝင် တန်ဖိုးကြီးပစ္စည်းတချို့ကို ယူဆောင်သွားသည်ဟု သင်္ကန်းတုံးရွာသားများက ပြောသည်။

အလားတူ ဇွန်လ ၂၀ ရက် ညနေပိုင်းအချိန်က စစ်ကောင်စီယာဉ်တန်းများနှင့် ဦးပိုင်ကုမ္ပဏီအရာရှိများသည် ဟိန္ဒား သတ္တုတွင်းသို့ ရောက်ရှိနေကြသည်ဟု ထားဝယ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here