တော်လှန်ရေးအင်အားစုများ အလှူငွေကောက်ခံနေခြင်းကို အရေးယူမည်ဟု ဝက်လက်မြို့နယ် ပ.အ.ဖ ထုတ်ပြန်

0
385
ပုံစာ - အလှူငွေကောက်ခံခြင်းကို ဥပဒေအရအရေးယူတော့မည်ဟု ဝက်လက်မြို့နယ် ပ.အ.ဖ ထုတ်ပြန်သည်။

ရွှေဘို – မန္တလေး ပြည်ထောင်စု လမ်းမကြီးနှင့် ရွှေဘို – မုံရွာ ကားလမ်းမပေါ်တွင် တော်လှန်ရေးအင်အားစုများ အလှူငွေ ကောက်ခံခြင်းကို ဥပဒေအရ အရေးယူတော့မည်ဖြစ်ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ပ.အ.ဖ) က ဇူလိုင်လ ၂၃ ရက်နေ့တွင် ထပ်မံထုတ်ပြန်လိုက်သည်။

စစ်ကိုင်းတိုင်း အတွင်းရှိ အဆိုပါ ကားလမ်းမများပေါ်တွင် ဂိတ်စခန်းများဖွင့်၍ ငွေးကြေး ကောက်ခံနေကြသော တိုက်နယ်၊ ရပ်ကျေး ပကဖများ၊ ပအဖများနှင့် LPDF အဖွဲ့များအား ငွေကြေးကောက်ခံခြင်း မပြုကြရန် နှုတ်ဖြင့် လည်းကောင်း၊ စာဖြင့် လည်းကောင်း၊ အကြိမ်ကြိမ် သတိပေး တားမြစ်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများ အနေဖြင့် လိုက်နာခြင်း မရှိကြသဖြင့် ယခုကဲ့သို့ ထုတ်ပြန်ရကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရွှေဘိုနဲ့ စစ်ကိုင်းမြို့ ကြားထဲမှာကို ဆယ်ဖွဲ့လောက် ရှိတယ်။ အတင်းကောက်တာတော့ မဟုတ်ဘူး ၊ လက်နက် ခဲယမ်းဖိုး အလှူခံပါတယ် ဆိုပြီး ပြောပြီးတော့ အလှူခံတာပါ” ဟု ဇူလိုင်လ ၂၂ ရက်နေ့က ရွှေဘိုမှ မန္တလေးသို့ ပြန်လာသည့် ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

ပုံစာ – ဝက်လက်မြို့နယ် ပ.အ.ဖ အဖွဲ့၏ အသိပေးထုတ်ပြန်ချက်။

ဝက်လက်မြို့နယ် ပ.အ.ဖ အဖွဲ့၏ ယခုကဲ့သို့ ထုတ်ပြန်ချက်သည် ထိရောက်ဖို့ရန် မလွယ်ကူကြောင်းလည်း အဆိုပါဒေသခံက အခုလို ပြောဆိုသည်။

“အဖွဲ့တွေကလည်း အများကြီး၊ တချို့တွေကလည်း ယူနီဖောင်းတောင် မပါဘူး။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့လည်း မတည့်တာတွေ ပြဿနာတွေလည်း ရှိတော့ ကိုင်တွယ်ဖို့ မလွယ်လောက်ဘူး” ဟု ၎င်းက ဆိုသည်။

ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ ယခုသတိပေး ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိသည့် တော်လှန်ရေး အင်အားစုများကိုလည်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် ယခုကဲ့သို့သော အလှူငွေ ကောက်ခံမှုအား တားဖြစ်သည့် ထုတ်ပြန်ချက်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တကြိမ် ၊ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ဒုတိယ အကြိမ်နှင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် တတိယ အကြိမ် စုစုပေါင်း သုံးကြိမ် သတိပေးခဲ့ပြီး ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here