6 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ခမ်းပါတ်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ခမ်းပါတ်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့ကို ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းနှင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ခမ်းပါတ်မြို့ အမှတ် (၄) ရပ်ကွက်ထဲသို့ Cluster Bomb ဗုံးသီးများဟု ယူဆရသောဗုံးများ ကြဲချခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိ/မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

အမည်မဖော်လိုသည့် ခမ်းပါတ်ဒေသခံတစ်ဦးက “လေယာဥ်လာတာ သိလိုက်တယ်။ မနက် ၁၀ နာရီ ထိုးပြီး လောက်က လာတာ။ ဗုံးကကြဲတာ တခါထဲပဲ၊ မြေကြီးပေါ်ရောက်တော့ ၅ ခါလောက် ဆင့်ကွဲတာ။ ဘာဗုံးလဲတော့ မသိဘူး။ ကျွန်တော်တို့လဲ အနားမကပ်ရဲသေးလို့ အထိအခိုက် ရှိလား မရှိလားဆိုတာ ပြောလို့မရသေးဘူး” ဟု ပြောဆိုသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတိုက်လေယာဉ်သည် ခမ်းပါတ်မြို့နှင့်အနီးတဝိုက်တွင် ပျံဝဲနေပြီး ပြည်သူများ သတိရှိကြရန် လိုအပ်ကြောင်း ဒေသခံများက သတိပေး ပြောဆိုနေကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း ခမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်နှင့် မြို့အနီးရှိ ကနန်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၃ နှစ်အရွယ်ကလေးငယ်နှင့် ပြည်သူ့လုံခြုံရေး ရဲဘော်တစ်ဦး သေဆုံးခဲ့ရပြီး ဒေသခံပြည်သူတချို့ ဒဏ်ရာရရှိခဲ့ကြသည်။ ထို့အပြင် နေအိမ် ၁၆ လုံးခန့် ပျက်စီးခဲ့သည်ဟု သိရသည်။

ဇန်နဝါရီ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင်လည်း ခမ်းပါတ်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ် ရှိသွားပြီဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ခမ်းပါတ်မြို့သည် အိန္ဒိယ – မြန်မာ နယ်စပ် ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိသည့် စစ်ရေးအရ အချက်အချာကျသော မြို့ဖြစ်ပြီး NUG နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက် နေ့က သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။

မကြာသေးခင်ရက်ပိုင်းက NUG အစိုးရက စစ်ကိုင်းတိုင်းဘက်တွင် ရုံးထိုင်တော့မည်ဟု ထုတ်ပြောလာပြီးသည့်နောက်ပိုင်း စစ်ကောင်စီက ခမ်းပါတ်မြို့ကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လာခဲ့ခြင်းလည်းဖြစ်သည်။

KMG ပေးပို့သည်။