တောင်ပိုင်းဒေသဘက်ကို စစ်ကောင်စီတပ် အပြင်းအထန် အင်အားဖြည့်တင်းလာနေဟုဆို

0
148

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က မြန်မာပြည်တောင်ပိုင်း သံဖြူဇရပ်- ရေး – ထားဝယ် လမ်းတလျှောက်တွင် အပြင်းအထန်အင်အားဖြည့်တင်းနေသည်ဟု တောင်ပိုင်းဒေသရှိ တော်လှန်ရေးခေါင်းဆောင်တို့ ပြောဆိုမှုအရ သိရသည်။

လက်ရှိတွင် သံဖြူဇရပ်နှင့် ရေးတောင်ပိုင်း တဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့အင်အား အနည်းဆုံး ၅၀၀ ဝန်းကျင်ခန့်ရှိနေပြီး ပြီးခဲ့သည့် သြဂုတ် ၁ ရက်နေ့တွင် အင်အား ၂၀၀ ခန့်ရှိသည့် အောင်စဇယျစစ်ကြောင်းအဖွဲ့ဖြင့် အင်အား ထပ်မံဖြန့်ခွဲထားသည်ဟု သိရသည်။

“မြောက်ပိုင်းဒေသမှာဆိုရင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တစ်မြို့ပြီးတစ်မြို့ သိမ်းယူနေတာ အခုဆိုရင် မန္တလေး အထိတောင် ရောက်လုနီးပါး ဖြစ်နေပြီ။ ဒါက မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ပေါ့လေ၊ အဲတော့ ဟိုဘက် စစ်မျက်နှာပြင်မှာ စစ်ရှုံးနေတုန်း ဒီဘက်တောင်ပိုင်းဒေသမှာလည်း တော်လှန်ရေးအဖွဲ့တွေ ထပ်ပြီးလှုပ်ရှားလာရင် သူတို့ (စကစ) ပိုပြီး အခက်တွေ့သွားမဲ့သဘောဆိုတော့ တောင်ပိုင်းဒေသက တော်လှန်ရေးအဖွဲ့တွေမစခင် သူတို့ အရင် စစ်မျက်နှာပြင်ဖွင့်ပြီး အရင်စလိုက်တဲ့သဘောပါ” ဟု MSRF ပြောခွင့်ရ နိုင်နဂါးက ပြောသည်။

မြန်မာပြည်တောင်ပိုင်းဒေသဘက်ကို တော်လှန်ရေးအင်အားစုအဖွဲ့တို့က စစ်မျက်နှာပြင် မဖွင့်ခင် လက်ဦးမှု ယူထားသည့်အနေဖြင့် စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားတို့အပြင် မြဝတီဘက်မှ ပြန်လည် ရုပ်သိမ်းလာသည့် ပြည်ထောင်စုအဆင့်ရှိ အောင်ဇေယျစစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလျှက် ရှိသည်ဟု တောင်ပိုင်းဒေသ တော်လှန်ရေးခေါင်းဆောင်တို့က ပြောဆိုသည်။

ယခင်က ရေးမြောက်ပိုင်းဒေသတွင် ကရင်လက်နက်ကိုင်အဖွဲ့၊ ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တောင်ညို စစ်ကြောင်းတို့က လုံခြုံရေးရယူကာ ထိုက်သင့်သလောက် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့က အင်အားဖြည့်တင်းလာသည့်နောက် တော်လှန်ရေးအဖွဲ့ဘက်မှ ပြန်လည်ဆုတ်ခွာမှု ရှိခဲ့သည်ဟု သိရသည်။

သံဖြူဇရပ် – ရေး- ထားဝယ်လမ်းပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးကို အပြင်းအထန် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်သည် စစ်ရေးထက် စီးပွားရေးအခြေအနေကို စိုးရိမ်၍ ပြန်လည်ထိန်းချုပ်ရန် ကြိုးစားနေသည်ဟု နိုင်နဂါးက ပြောဆိုသည်။

“နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီရဲ့ငွေဝင်ပေါက်က အံမတန်မှ နည်းလာတယ်။ အဲဒါကြောင့် ရုရှားနဲ့ လက်မှတ်ထိုးထားတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းရယ်၊ ပြီးတော့ ထိုင်းတွေနဲ့ ချိတ်ဆက်ပြီး ငွေဝင်နေတဲ့ ကံပေါက်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို ကာကွယ်ဖို့ရယ်၊ သူ့ရဲ့စီးပွားရေးတွေ လုံလုံခြုံခြုံ ပြန်လည်ထိန်းချုပ်ဖို့ မော်လမြိုင်ကနေ – ကော့သောင်း အမှတ် ၈ လမ်းမကြီးကို အပြည့်အဝ ထိန်းနိုင်ဖို့ လုပ်ဆောင်လာမယ်လို့ ကျနော် မြင်တယ်” နိုင်နဂါးက ပြောသည်။

အာဏာရှင်ရန်သူ စစ်ကောင်စီတပ်ကို အခြေအနေပေးသလောက် အင်အားရှိသလောက် စစ်လက်နက်ပစ္စည်း ရှိသလောက် မဟာမိတ်ပူပေါင်းအဖွဲ့တို့နှင့် လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် အင်အားကြီးသည့် တိုက်ပွဲ ဖြစ်လာနိုင်သည်ဟုလည်း ရေးဒေသခံအမျိုးသားတစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။

“ရက်အတိအကျ အချိန်အတိအကျကို မပြောနိုင်ပေမဲ့ ကျနော်တို့ဒေသခံတွေက အင်အားကြီးတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာဖို့ ရှိမယ်ဆိုတာ အခိုင်အမာ ပြောဆိုနေကြတယ်။ မော့ကနင် – သံဖြူဇရပ်၊ မော့ကနင် – ရေးဘက်မှာ အခု စစ်ကောင်စီအဖွဲ့တွေ စစ်မျက်နှာပြင် ဖွင့်နေတဲ့ပုံစံရယ် အင်အားတိုးချဲ့ပုံစံကို ကြည့်ခြင်းအားဖြင့်ပေါ့လေ။ အဲတော့ ကျနော်တို့ဒေသခံတွေ ပြင်ဆင်စုဆောင်းဖို့ သင့်နေပြီလို့လည်း တိုက်တွန်းပြောလိုပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဝဲခမိ၊ နှစ်ကရင်လမ်းဝ၊ မော့ကနင်း ကွမ်ကျိုက်နှင့် နှင်းစုံ အစရှိသည့် ကျေရွာတို့တွင် စစ်ကောင်စီ တပ်ဖွဲ့တို့ အများဆုံးနေရာယူထားပြီး ဖြတ်သန်းသွားလာသူများကို စစ်ဆေးမေးမြန်း ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်မှုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါလမ်းကြောင်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား စစ်ရေး တင်းမာနေပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခြင်း၊ သွားရောက်တိုက်ခိုက်ခြင်းတို့ကြောင့် ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ် တိုက်ပွဲ ၅ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် သံဖြူဇရပ် – ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးအား ည ၆ နာရီ မှ နံနက် ၆ နာရီ အထိ မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခွင့် မပြုရန်တားမြစ်ထားကြောင်း၊ ဖြတ်သန်းသည့် မည်သည့်ယာဉ်မဆို ပစ်ခတ်မည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သြဂုတ်လ ၅ ရက် နေ့ရက်စွဲဖြင့် ထုတ်ပြန် ကြေညာ အသိပေးထားသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here