တောင်ကြီးမြို့စစ်ကောင်စီက စစ်ဘေးရှောင်များကို ခိုလှုံခွင့်မပြုလို့ အခက်အခဲကြုံနေရ

0
331
ပုံစာ - လမ်းတွင် ကားရာချီပိတ်မိနေသည့် စစ်ဘေးရှောင်ယာဉ်တန်းများ။

သျှမ်း-ကရင်နီ (ကယား) နယ်စပ်မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်များကို တောင်ကြီးမြို့ စစ်ကောင်စီက ခိုလှုံခွင့်မပြုရန် ညွှန်ကြားထားသည်ဟု စုံစမ်းသိရသည်။

သျှမ်း-ကရင်နီ နယ်စပ်တလျှောက်တွင် ယခုရက်ပိုင်း စစ်ရေးပြင်းထန်နေပြီး ထိုဒေသမှ ထွက်ပြေးတိမ်းရှောင် လာသူများကို တောင်ကြီး၊ အောင်ပန်း၊ ညောင်ရွှေ မြို့ များတွင် ဖြတ်သန်းခွင့် မပြုသည့်အပြင် ကျောင်းဆောင်များ ဆွေမျိုးနေအိမ်များ ခိုလှုံခွင့်မပြုရန် စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက်တွင် ညွှန်ကြားထားကြောင်း ဒေသခံများက ပြောသည်။

“ကယား၊ ဖယ်ခုံ၊ မိုးဗြဲ ကနေလာတဲ့ စစ်ရှောင်တွေ ဧည့်စာရင်းတိုင်ရင် လက်မခံဖို့၊ သာသာနာ့အဆောက်အဦး တွေမှာ လက်မခံထားဖို့ စစ်ကောင်စီက ပြောထားတယ်။ ကျနော်တို့ကတော့ အသက်ဘေးကနေ လွတ်လာပြီ ဆိုတော့ ဘာပဲဖြစ်ဖြစ် ဖြစ်ချင်တာဖြစ်တော့” ဟု လွိုင်ကော်မြို့မှ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိမှာ သျှမ်း-ကရင်နီ နယ်စပ်တလျှောက် တိုက်ပွဲကြောင့် ထွက်ပြေးလာသည့်သူ ၊လွိုင်ကော်၊ ဖယ်ခုံနှင့် မိုးဗြဲ မှတ်ပုံတင် ကိုင်ဆောင်သူများသည် အောင်ပန်းအဝင်ဂိတ်တွင် ဖြတ်သန်းခွင့်မပြုသဖြင့် လမ်းတွင်ကားရာချီ ပိတ်မိနေကြောင်းလည်း ၎င်းက ပြောသည်။

ထို့ကြောင့် လွိုင်ကော်မြို့တွင်းနေထိုင်သူများသည် ထွက်ပြေးတိမ်ရှောင်ပါက သွားရောက်နေထိုင်ရန် အခက်အခဲနှင့် ထွက်ပြေးရန်ကားများ မရှိသဖြင့် မြို့တွင်းတိုက်ပွဲကြားတွင် ဆက်လက်နေထိုင်ရကြောင်း လွိုင်ကော်မြို့ခံအမျိုးသားတစ်ဦးက ပြောပါသည်။

“ခုလောလောဆယ်တော့ ထွက်ဖို့လမ်းက မရှိဘူး။ လမ်းပိတ်မိနေတယ် နောက်ပြီးကြတော့ မနက်ကတော့ ထွက်နေကြတယ်၊ တောင်ကြီးဘက်ကို သွားကြတယ်။ တောင်ကြီးကလည်း လက်မခံဘူးပြောတယ်။ ပေးမဝင်ဘူး ပြောတယ်။ ကျနော်တို့လည်း ဘယ်ကိုသွားပြီး ဘယ်ကိုရှောင်ရမလဲ မသိဘူး ၊ညောင်ရွှေမှာလည်း မှတ်ပုံတင် ၂/ တွေနဲ့ဆို ပေးမဝင်ဘူး၊ ဘယ်အိမ်မှ လက်မခံဘူးပြောတယ်” ဟု လွိုင်ကော်မြို့ထဲ ပိတ်မိနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့ပေါ်တွင် ရပ်ကွက်တိုင်းနီးပါး ပိတ်မိနေသူ အများအပြား ကျန်ရှိနေပြီး အကူအညီများလည်း လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။ လွိုင်ကော်မြို့ပေါ်တွင် စက်သုံးဆီဆိုင်များ၊ ဆိုင်ခန်းများလည်း ပိတ်ထားပြီး၊ ဆန်များလည်း ရှာဝယ်ရခက်နေကြောင်း လွိုင်ကော်မြို့ခံတို့ထံမှ သိရသည်။

“စားဝတ်နေရေး အတွက်ကတော့ အရင်ကရှာထားတဲ့ဟာ ရှိတဲ့ကျန်တဲ့ ဆန်တွေနဲ့ ရှိတဲ့ဟင်းသီးဟင်းရွက် တွေနဲ့ပဲ စားရတာပေါ့Ó ဟု ပိတ်မိနေသည့် လွိုင်ကော်မြို့ခံအမျိုးသားက ဆိုသည်။

နိုဝင်ဘာ ၁၁ ရက် မှ စတင်ခဲ့သည့် ၁၁.၁၁ စစ်ဆင်ရေးကြောင့် သျှမ်း-ကရင်နီ နယ်စပ်တလျှောက် အပါအဝင် တိုက်ပွဲများ ဖြစ်နေပြီး မြို့ပေါ် လူနေရပ်ကွက်များကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ဆိုသလို ကြုံတွေ့နေရကြောင်း လွိုင်ကော်မြို့ခံတို့ထံမှ သိရသည်။

ကရင်နီပြည်နယ်ထဲ စစ်ကောင်စီကပစ်ခတ်သည့် လက်နက်ကြီးနှင့် လေယာဥ်မှ ဗုံးကြဲချမှုများကြောင့် ပြီးခဲ့တဲ့ ၅ ရက် အတွင်း လူဦးရေ ၄၀ နီးပါး သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here