
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၅) ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဘက်တပ်ကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့် ခုခံတိုက်ခိုက်လျက်ရှိပြီး၊ ဒီဇင်ဘာ ၉ ရက်နေ့ ညနေပိုင်း လေကြောင်းပစ်ခတ်မှုတွင် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်အတွင်း ဗုံးကျရောက်ခဲ့တာကြောင့် နေအိမ် ၈ ဆောင်ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့သည်။
“စစ်ကောင်စီက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေ ပေးနေတယ်။ မနေ့ ည ၇ နာရီလောက်က နေရာအနှံ့ကို လေယာဉ်နဲ့ဗုံးကြဲခဲ့လို့ ကံပိုင်ရပ်ကွက်က နေအိမ် ၈ အိမ်နဲ့အထက် မီးလောင်ပျက်စီးသွားတယ်” ဟု တောင်ကုတ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တောင်ကုတ်မြို့ခံများသည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြသဖြင့် လူထိခိုက်မှုမရှိကြောင်း အဆိုပါ တောင်ကုတ်မြို့ခံသတင်းရင်းမြစ်က ဆက်ပြောဆိုသည်။
ဒီဇင်ဘာ ၄ ရက်နေ့လည်း ကံပိုင်ရပ်ကွက်၊ သံတွဲလမ်းခွဆုံနှင့် အနီးတဝိုက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ် ၁၅ ဆောင်အထိ မီးလောင်ပျက်စီးခဲ့ရသည်။
စစ်ကောင်စီလော်ဘီများ၏ ဒီဇင်ဘာ ၉ ရက်နေ့ သတင်းဖော်ပြချက်အရ တောင်ကုတ်တွင် “နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်က ၃၄၆ တပ် ဗဟိုကင်း၊ ကာကင်းနေရာများနှင့် ၅၄၄ တပ် အိမ်ထောင်သည်လိုင်းခန်း ကာကင်းနေရာများအား AA က တပြိုင်နက် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့” ဟု ဆိုသည်။
လက်ရှိတွင် စကခ (၅) ဌာနချုပ်အပါဝင် ခမရ ၅၄၄၊ ခမရ ၃၄၆ အနီးတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်း၊ ကာကင်းတချို့ကို AA က သိမ်းပိုက်ထားပြီးဖြစ်ကြောင်း မြေပြင်မြို့ခံသတင်းရင်းမြစ်က ပြောသည်။
“တောင်ကုတ်ကတော့ မကြာခင် ပြတ်တော့မယ့်အနေအထား မြင်ရတယ်။ AA ကတော့ အရှိန်ဟုန်ပြင်းပြင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် စကခ (၅) အထဲမှာလည်း လက်နက်ချ၊ အညံ့ခံမယ့် လူတွေရှိတယ်လို့ သိရတယ်။ အတိအကျတော့ ပြောရခက်နေသေးတာပေါ့လေ။ နောက်ပြီး စစ်ကောင်စီမှာ စားနပ်ရိက္ခာတွေ ပြတ်လပ်နေပြီလို့ သတင်းတွေ ကြားနေတယ်” ဟု တောင်ကုတ်ဒေသခံ မြေပြင်သတင်းရင်းမြစ်က ပြောသည်။
လတ်တလော ရခိုင်ပြည်တွင် အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်တို့တွင် တိုက်ပွဲ နေ့စဉ် ပြင်းထန်နေပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့တွင် စစ်ရေးငြိမ်သက်နေသည်။
ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း AA သည် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ မြို့နယ် ၁၁ ခု အပါအဝင် တောင်ကုတ်၊ အမ်းမြို့တို့ကို ထိန်းချုပ်ထားပြီးလည်းဖြစ်သည်။
အောင်ထိန် (DMG) ပေးပို့သည်။