တီးတိန် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တော့မည်ဟု PDA – တီးတိန် တရားဝင်ကြေညာ

0
133
Photo – Tedim PDA

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲက တီးတိန်မြို့နှင့် ခိုင်ကမ်းမြို့သိမ်းတိုက်ပွဲကို PDA – တီးတိန်နှင့် မဟာမိတ်တပ်များက ဖော်ဆောင်တော့မည်ဖြစ်ပြီး ပြည်သူများ အချိန်မီပြင်ဆင်နိုင်ရန် တီးတိန်မြို့နယ်ကောင်စီက ထုတ်ပြန်သည်။

“တီးတိန်မြို့နယ်အတွင်း ပြည်သူလူထုများ အချိန်မီပြင်ဆင်နိုင်ရန်အသိပေးခြင်း” ဟူ၍ ဇန်နဝါရီ ၁၄ ရက်နေ့တွင် တီးတိန်မြို့နယ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

တီးတိန်မြို့သိမ်းတိုက်ပွဲကို တီးတိန်မြို့နယ်ကောင်စီ တပ်ဖွဲ့ဖြစ်သည့် PDA – တီးတိန်က မဟာမိတ်တပ်များနှင့်အတူ ဖော်ဆောင်မည်ဖြစ်တာကြောင့် မည်သည့်အဖွဲ့အစည်းကမှ ကန့်ကွက်ခွင့်မရှိကြောင်း တီးတိန်မြို့နယ်ကောင်စီက ထည့်သွင်းပြောဆိုထားသည်။

“ကိုယ့်မြို့ကိုယ်သိမ်းမည်ဖြစ်၍ စစ်ကောင်စီတပ်သားများ ချေမှုန်းကင်းစင်စေလိုသော မည်သည့်တော်လှန်ရေး အဖွဲ့အစည်းမဆို လာရောက်ပူးပေါင်း၊ တိုက်ပွဲဝင်ရန် ဖိတ်ခေါ်အကူအညီတောင်းဆိုထားသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဇိုးမီး (ချင်း) များ အခြေပြုနေထိုင်ရာ တီးတိန်မြို့နှင့် ခိုင်ကမ်းမြို့တွင်သာ စစ်ကောင်စီတပ်များ ကျန်ရှိသေးသဖြင့် အလျင်အမြန် တိုက်ခိုက်သိမ်းယူရေးအတွက် စစ်ရေးမဟာမိတ်များနှင့်အတူ ဆောင်ရွက်သွားမည်ဟု PDA- Tedim ထံမှ သိရသည်။

အဆိုပါထုတ်ပြန်ချက်အပေါ် PDF – Zoland က “တီးတိန်မြို့နယ်ကို စစ်ကောင်စီတပ်ဖြစ်စေ၊ ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖြစ်သည့် CNF အပါအဝင် PDA – တီးတိန်ဖြစ်စေ မည်သည့်အဖွဲ့အစည်းကိုမျှ ပေးအပ်မည်မဟုတ်ဘဲ တားမြစ်ထားမှုကြားက ဝင်ရောက်လာပါက ICNCC ၊ ချင်းညီနောင်နှင့် လက်တွဲကာ ပြတ်ပြတ်သားသား တိုက်ထုတ်သွားမည်” ဟု ပြန်လည်ထုတ်ပြန်သည်။

“လက်ရှိချင်းပြည်အရေးအား ပြည်သူ့သို့ တင်ပြခြင်း” ဟူ၍ ZFU/ PDF – Zoland က ဇန်နဝါရီလ ၁၄ ရက်နေ့၌ပင် ပြန်လည်ထုတ်ပြန်ခြင်း ဖြစ်သည်။

CNF/CNA နှင့် ချင်းပူးပေါင်းတပ်ဖွဲ့များ၏ ဆောင်ရွက်ချက်များသည် လူထု၏ အကျိုးကို ရှေးရှုခြင်း တစုံတရာ မပါရှိဘဲ အမြတ်ထုတ်လိုမှု၊ နိုင်ငံရေးလက်ဦးမှု ရယူလိုမှုသာဖြစ်ကြောင်း၊ အချိန်မီပြင်ဆင်မှုမရှိဘဲ တနေ့တွင် လူထု၏ တရားစီရင်မှုကို ကြုံတွေ့ခံစားရမည်ဆိုပါက များစွာထိခိုက်နစ်နာရမည်ဖြစ်ကြောင်း PDF – Zoland ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းညီနောင်အဖွဲ့သည် စစ်ကောင်စီတပ်များထံမှ တီးတိန်မြို့ကို အပြီးသတ်သိမ်းယူနိုင်ရေးအတွက် လုပ်ငန်းအစီအစဉ်များ ချမှတ်ထားပြီးဖြစ်ကြောင်း၊ CNA ပူးပေါင်းတပ်က PDA – တီးတိန်ကို အသုံးချကာ တီးတိန်မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းလျက်ရှိနေသည်ဟု ZFU/ PDF – Zoland ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဇိုမီးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်းမှုကို ထိပါးနှောင်ယှက်ရန် ကြိုးပမ်းလာသော မည်သည့်အဖွဲ့အစည်းကိုမဆို လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း ZFU/ PDF – Zoland က သတိပေး ထုတ်ပြန်သည်။

တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ပြည်သူများမှ ဆုတောင်းအပ်နှံပေးခြင်းဖြင့် အားဖြည့်ကူညီရန် တီးတိန်မြို့နယ်ကောင်စီ၊ PDA – တီးတိန်တို့က ဖိတ်ခေါ်သကဲ့သို့ မိမိတို့မြေကို အတူတကွ ကာကွယ်သွားကြရန် ပြည်သူတရပ်လုံးကိုလည်း ZFU/ PDF – Zoland က ဖိတ်ခေါ်နေသည်။

တီးတိန်မြို့နယ်အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော PDA – Tedim ၊ PDF – Zoland၊ CDF – CDM Siyin၊ Hualngoram – CDF တို့သည် စစ်အာဏာရှင်တော်လှန်ရေးအတွက် စစ်ကောင်စီကို တိုက်ခိုက်နေကြပြီး စစ်ကောင်စီကို တိုက်ခိုက်ခြင်းမပြုသော ZRA – EC တပ်ဖွဲ့လည်း ရှိသည်။

PDA – Tedim ၊ CDF – CDM Siyin၊ Hualngoram – CDF တပ်ဖွဲ့များသည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ အဖွဲ့ဝင်ထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်ပြီး PDF – Zoland မှာ ICNCC ၊ ချင်းညီနောင်အဖွဲ့ (CB) နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ နှစ်လယ်ပိုင်းက မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်များနှင့် ချင်းညီနောင်၊ အာရက္ခတပ်တော် AA မဟာမိတ်ပူးပေါင်းတပ်တို့ အပြန်အလှန်ပစ်ခတ်ခဲ့ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့တချို့ ထိခိုက်သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာများ ရရှိခြင်းတို့ ဖြစ်ပွားဖူးသည်။

တီးတိန်မြို့နယ်တွင် ဆိုင်းဇန်၊ တေဇန်၊ တာဒို၊ ခေါနူး၊ စီးယင်း၊ ဟွာလ်ငို၊ ငွန်၊ ဇို၊ ဒိမ် စသည့် မျိုးနွယ်စုများ ဒေသအလိုက် နေထိုင်ကြပြီး ဇိုမီးချင်း သို့မဟုတ် တီးတိန်ချင်းဟူ၍ လူသိများကြသည်။

ချင်းလဲန်းကောင်စီ (CC) ၊ ချင်းပြည်အစိုးရအဖွဲ့တွင် CNF/CNA,၊ CDF – Matupi တပ်မဟာ ၂၊ CDF – Lautu၊ CDF – Zotung၊ CDF – Paletwa၊ CDF – Hualngoram၊ CDF – Tonzang၊ CDF – Hakha၊ CDF – Thantlang၊ CDF – KKG၊ CDF – Zophei၊ CDF/CDM – SIYIN၊ PDA – Tedim၊ CDF – Zanniatram၊ Senthang Revolution Force နှင့် ကန်ပက်လက်ကောင်စီ စသည့်အဖွဲ့များ ပါဝင်သည်။

ချင်းညီနောင် (CB) နှင့် ICNCC အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)/ CDF – Mindat၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖယ်ဒရယ်အစည်းအရုံး (ZFU/PDF – Zoland)၊ CDF – Kanpetlet / ကန်ပက်လက် မြို့နယ်ကောင်စီ၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) နှင့် CDF – Matupi တပ်မဟာ – ၁ တို့ ပါဝင်သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here