တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေများကို စစ်ကောင်စီ လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်သဖြင့် တပတ်အတွင်းသေဆုံးသူ ၂၀ ဦးကျော်ရှိလာ

0
123
ပုံစာ - ရှမ်းပြည်၊ နမ့်ခမ်းမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံရပြီးနောက်တွေ့ရစဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်တို့ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ် ထိန်းချုပ်ထားသည့် အရပ်သားပြည်သူများ နေထိုင်ရာနယ်မြေများကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်သဖြင့် တပတ်အတွင်း သေဆုံးသူ ၂၀ ဦးကျော် ရှိလာပြီဖြစ်သည်။

စစ်ကောင်စီက စက်တင်ဘာ ၃ ရက်နေ့မှ စက်တင်ဘာ ၉ ရက်နေ့အထိ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင်သည်၊ အသက် ၁၁ နှစ်အောက် ကလေးငယ်များအပါအဝင် စုစုပေါင်း အရပ်သား ၂၈ ဦး သေဆုံးခဲ့ပြီး ၃၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

အလားတူ တအာင်းတပ် TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်၊ မန်တုံမြို့နှင့် ကရင်နီတော်လှန်ရေးတပ်များလှုပ်ရှားသည့် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ရှိ စာသင်ကျောင်းနှင့် ဖယ်ခုံမြို့ရှိ စစ်ရှောင်စခန်းနေရာများကို စက်တင်ဘာ ၃ ရက်နေ့မှ ၅ ရက်နေ့အတွင်း စစ်ကောင်စီက လေကြောင်းမှဗုံးကြဲချသဖြင့် ကလေးငယ် ၇ ဦး အပါအဝင် ၁၀ ဦး သေဆုံးခဲ့သည်။

ထိုမျှမက စက်တင်ဘာ ၆ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ကို ဗုံးကြဲချခဲ့တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၁၁) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၁ ဦး ရှိခဲ့သလို ကိုးကန့်တပ်-MNDAA ထိန်းချုပ်နယ်မြေ၊ လားရှိုးမြို့ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၁ ‌ဦး သေဆုံး၍ ၁၃ ဦး ဒဏ်ရာရရှိခဲ့‌သည်။

အလားတူ စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး – KNU ထိန်းချုပ်သည့် ကရင်ပြည်နယ်၊ ဝင်းရေးမြို့နယ်၊ ကျုံခဝန် ရွာကို စက်တင်ဘာ ၉ ရက်နေ့က တိုက်ပွဲမရှိဘဲ ဗုံးကြဲချခဲ့ရာ ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ် ရာရခဲ့သည်ဟု ‌‌ထိုဒေသခံများက ပြောဆိုသည်။

ယင်းသို့ လေကြောင်းတိုက်ခိုက်မှုများသည် စက်တင်ဘာ ၃ ရက်နေ့က စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ရောက်စဉ် ၎င်းတို့အာဏာတည်မြဲရန် တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်သည့် နယ်မြေများတွင် သတင်းရရှိသည့်အပေါ်အခြေခံ၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုပြီးနောက် ဆက်တိုက်ဆိုသလို လေကြောင်းတိုက်ခိုက်ခံရမှုများ ဖြစ်ပွားနေခြင်းလည်းဖြစ်သည်။

ထို့သို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်လည်း လေကြောင်းရန် ကာကွယ်ရေးအစီအမံများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

KNU နယ်မြေများအတွင်း လေကြောင်းရန် ကာကွယ်ရေးနှင့်ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက “ပြည်သူတွေအတွက် လေကြောင်းရန်က ကြိုတင်ရှောင်နိုင်မယ့်အစီအစဉ်တွေကို နိုင်သလောက်တော့ သက်ဆိုင်ရာ ခေါင်းဆောင်‌တွေက လုပ်နေတယ်။ ဥပမာ လေယာဉ်လာနေတယ် သတိရှိကြဖို့အတွက် ကြိုအကြာင်းကြားနိုင်တဲ့ အစီအစဉ်မျိုးပေါ့” ဟု ပြောဆိုခဲ့သည်။

စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှုယန္တရား-IIMM ကလည်း မြန်မာပြည်အနှံ့ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသဖြင့် ပြည်သူသေဆုံးမှုနှုန်း မြင့်တက်လာသလို စစ်ဘေးရှောင်များ၊ နယ်စပ်ဖြတ်ကျော်ထွက်ပြေးနေရသူဦးရေ များပြား‌လာသောကြောင့် စကားလုံးသပ်သပ်ဖြင့် မလုံလောက်တော့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၅၇ ကြိမ်မြောက် အစည်းအဝေးတွင် အစီရင်ခံစာ တင်ပြပြောဆိုခဲ့သည်။

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု – BMC ၏ စာရင်းပြုစုချက်အရ ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ စစ်ကောင်စီက ပြည်နယ်နှင့်တိုင်း ၈ ခုတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၁၉၆ ကြိမ် လုပ်ခဲ့သည့်အနက် ကလေးငယ် ၂ ဦးအပါအဝင် ၃၁ ဦး သေဆုံးပြီး ၆၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here