တိုက်ပွဲများကြောင့် တနင်္သာရီတိုင်းတွင် စစ်ရှောင်ဦးရေထပ်တိုးလာ

0
274
ပုံစာ- တနင်္သာရီတိုင်းအတွင်းက စစ်ဘေးတိမ်းရှောင်နေကြသည့် သက်ကြီးများနှင့် ကလေးငယ်များ (Photo – CJ)

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်ဇူလိုင် ဒုတိယအပတ်က စပြီး တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလာခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်သူဦးရေ ထပ်တိုးလာကြောင်း စစ်ရှောင်အရေး ကူညီနေသူများက ပြောသည်။

တနင်္သာရီတိုင်းမှ မြို့နယ်များဖြစ်သည့် တနင်္သာရီ၊ ရေဖြူ၊ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့ကို စစ် ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၅၀၀၀ ကျော်မှာ နီးစပ်ရာ တောတောင်များနှင့် ဘေးလွတ်ရာ နေရာများသို့ ထပ်မံတိမ်းရှောင်နေရသည့်အတွက် တနင်္သာရီတိုင်းထဲတွင် စစ်ရှောင်ဦးရေ ၃၀,၀၀၀ ကျော် အထိ တိုးလာခဲ့ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးသူများက ပြောသည်။

စစ်ရှောင်ပြည်သူအရေအတွက် ထပ်တိုးလာသော်လည်း စစ်ကောင်စီတပ်၏ ပိတ်ဆို့ကန့်သတ်မှုကြောင့် ရိက္ခာ သယ်ယူရန် ပိုမိုအခက်အခဲရှိလာကြောင်း ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူ ပြုရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက အခုလို ပြောသည်။

“အရင်ကဆိုရင် ကျွန်တော်တို့ ရေဖြူဘက်မှာဆိုရင်တော့ စစ်ရှောင်မရှိဘူး။ အခုဒီလပိုင်းမှာဆိုရင်တော့ စစ်ရေး လှုပ်ရှားမှုတွေ ရှိလာပြီး စစ်ရှောင်တွေ တိုးလာတယ်။ သူတို့ဘက်မှာကျတော့ သယ်ယူပို့ဆောင်ရေးခက်ခဲတဲ့ အခြေအနေတွေ ရှိလာတယ်။ တခြားနေရာတွေမှာတော့ အရင်ကတည်းကနေပြီးတော့မှ ထိန်းချုပ်ပိတ်ဆို့ထား တာတွေ ရှိတယ်။ ဒီလိုသယ်ယူခွင့် မပေးတာတွေရှိတော့ ဆေးဝါးသယ်ယူဖို့အတွက်လည်း သယ်ယူခွင့်မပေးတော့ အခက်ခဲတွေ ရှိတယ်။ စားနပ်ရိက္ခာဆိုရင်လည်း သယ်ယူလို့မရတဲ့ အခြေအနေမှာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ပုံစာ- တနင်္သာရီတိုင်းအတွင်းက စစ်ဘေးတိမ်းရှောင်နေကြသူများ (Photo – CJ)

ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံစစ်ရှောင်အများစုသည် မိမိတို့အစီအစဉ်ဖြင့် တောတောင်၊ ဥယျာဉ်ခြံများ နှင့် အဆင်ပြေရာ နေရာများတွင် နေထိုင်ကြရခြင်းကြောင့် ၎င်းတို့ထံ ရိက္ခာနှင့်ဆေးဝါးများ ကူညီပေးရန် အခက်အခဲ ရှိနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ယခုရက်ပိုင်းထဲ၌ တနင်္သာရီတိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စစ်ရှောင်ပြည်သူများ နေထိုင်ရာ ယာယီတဲများ အတွင်းသို့ ရေဝင်ရောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် သွားရေးလာရေး ဒုက္ခများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

ယင်းအပြင် စစ်ရှောင်ပြည်သူများသည် လက်ရှိမိုးရာသီကာလတွင် ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါများ ခံစားနေရသည့်အတွက် ဆေးဝါးအကူအညီ လိုအပ်မှု ဆက်လက်မြင့်တက် လာကြောင်းလည်း စစ်ရှောင်အရေး ကူညီနေသူများ၏ ပြောဆိုချက်များအရ သိရသည်။

တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့် ဇွန်လက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပေါင်း အကြိမ် ၄၀ ထက် မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သုတေသနအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here