တိုက်ပွဲမရှိဘဲ ဖယ်ခုံနှင့်လွိုင်ကော်မြို့အတွင်းက နေရာနှစ်ခုကို စစ်ကောင်စီလေယာဉ်နှင့်ဗုံးကြဲ

0
241
ပုံစာ- စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဖယ်ခုံအနောက်ခြမ်းရှိ စစ်ရှောင်စခန်းမှ အဆောက်အအုံတချို့ ပျက်စီးခဲ့သည်။

ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည် ဖယ်ခုံမြို့နယ်အတွင်းက နေရာ ၂ ခုကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၉ ရက်နေ့က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းအနီးတစ်နေရာကို စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်း ၁၁ နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ အလားတူ လွိုင်ကော်မြို့နယ်အတွင်းက ကြတ်ဂူအနီးတစ်ဝိုက်ကိုလည်း ၁၉ ရက်နေ့ မနက်ပိုင်း ၇ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“စစ်ကောင်စီက ည ၁၁ နာရီကျော်မှာ လာကြဲသွားတယ်။ ဘယ်နှစ်ခေါက် ကြဲသွားလဲတော့ သေချာ မသိရဘူး ပေါ့နော။ အဲ့ဒီမှာ စစ်ရှောင်စခန်းတွေ ရှိတယ်ပေါ့နော။ အဲ့အနီးနားမှာ လာကြဲသွားတာပေါ့။ အဆောက်အဦး တဲတချို့ ပျက်စီးသွားတာရှိတယ်။ ဒဏ်ရာရတာ တချို့လည်းရှိတယ်” လို့ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း ဗုံးကြဲတိုက်ခိုက်မှု အခြေအနေနဲ့ပတ်သက်ပြီး အဆိုပါတာဝန်ရှိသူက ပြောပါသည်။

လတ်တလောတွင် အဆိုပါနေရာများ၌ တိုက်ပွဲဖြစ်ပွားတာမရှိသလို စစ်ရှောင်စခန်းအနီးကို မကြာခဏ လာရောက် ဗုံးကြဲတိုက်ခိုက်နေတာဟာ စစ်ကောင်စီက ပြည်သူလူထုကို ရန်သူသဖွယ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်တယ်လို့ KNDF တာဝန်ရှိသူက ဆိုသည်။

“ဒီအချိန်မှာ လူထုတွေက ခက်ခဲတဲ့ကာလတွေကို ကျော်ဖြတ်နေရတယ်။ ဒီလိုအခက်အခဲတွေကြားမှာ စစ်ကောင်စီရဲ့ ရန်သူသဖွယ် ပစ်မှတ်ထားတိုက်ခိုက်တဲ့ ခုလိုလေကြောင်းတိုက်ခိုက်မှုတွေကိုလည်း လူထုတွေက ထပ်ပြီးခံရတဲ့ပုံစံမျိုး ဖြစ်တာပေါ့” လို့ အဆိုပါ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်ကလည်း စစ်ကောင်စီက ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း အနီးအနားကို နှစ်ရက်ဆက်တိုက် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါစစ်ရှောင်စခန်းတွင် နေထိုင်သူစစ်ရှောင်များထံက သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်အတွင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၆၁၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ အချက်အလက်မှတ်တမ်းများအရ သိရသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here