တရုတ်ဘက်က နယ်စပ်ဂိတ်များ ဆက်ပိတ်ထားမည်ကို ကြံစိုက်တောင်သူများစိုးရိမ်

0
91
Photo - CJ

ကချင်ပြည်နယ်နှင့် ဆက်စပ်နေသော တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များကို တရုတ်နိုင်ငံဘက်က ပိတ်ထားသောကြောင့် ကချင်ပြည်ဘက်ခြမ်းရှိ ကြံစိုက်တောင်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားသည့် လွယ်ဂျယ်မြို့နှင့် မိုင်ဂျာယန်မြို့တို့ရှိ တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားသောကြောင့် ဒေသခံကြံစိုက်တောင်သူများ ကြံခုတ်ရန် မသေချာမရေရာဖြစ်နေပြီး စိုးရိမ်နေကြောင်း လွယ်ဂျယ်ရှိ ကြံစိုက်တောင်သူများက ပြောဆိုသည်။

တရုတ်နိုင်ငံကို တင်ပို့ရန်အတွက် မိုင်ဂျာယန်အနီးတစ်ဝိုက်တွင် နှစ်စဉ်စိုက်ပျိုးကြသည့် ကြံစိုက်ခင်းဧကပေါင်း ထောင်ချီရှိနေပြီး ယခုအခါ ကြံခုတ်ရာသီချိန် နီးကပ်လာပြီဖြစ်သဖြင် ကြံများခုတ်၍ တရုတ်ဘက်သို့တင်ပို့ရန် အခက်ကြုံနေတာကြောင့် ကြံစိုက်တောင်သူများက စိုးရိမ်နေကြခြင်းဖြစ်သည်။

“အခုက အပေါက်လည်း ပိတ်ထားတယ်ဆိုတော့ မသိတော့ဘူးဟေ့။ ကျနော်တို့တောင်သူတွေက စိုးရိမ်တော့ စိုးရိမ်တာပေါ့။ ဒါပေမယ့် သူတို့ကြံကုမ္ပဏီနဲ့က အဓိက အရင်းထုတ်ပေးထားတာများတယ်။ မခုတ်ရင်လည်း ရှုံးဖို့ အဲ့လိုဖြစ်တာပေါ့” ဟု လွယ်ဂျယ်ရှိ ကြံစိုက်ခင်း တရုတ်ဧက ၈၀ (ဧက ၅၀) ခန့် ပိုင်ဆိုင်သည့် ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။

ကြံစိုက်ခင်းများကို ဒီဇင်ဘာလမှ မတ်လအထိ ခုတ်ကြရပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လုပ်သားရှားပါးမှုများနှင့်လည်း ကြုံရနိုင်ကြောင်း လွယ်ဂျယ်ဒေသခံတို့က ပြောဆိုနေကြသည်။

တရုတ်နိုင်ငံဘက်မှ ကြံဝယ်ယူနေသည့် ကုမ္ပဏီများအနေဖြင့် ရက်အနည်းငယ် နောက်ဆုတ်ပြီး ကြံခုတ်ကြရန် ဒေသခံကြံစိုက်တောင်သူများအား ပြောဆိုထားကြောင်းလည်း အထက်ပါ ကြံစိုက်တောင်သူက ဆက်ပြောသည်။

“အရင်တုန်းက ပြောထားတာက ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ ခုတ်တော့မယ်လို့ တရုတ်ပြည်က ခေါင်းဆောင်တို့ကိုမေးကြည့်တော့ ကိုဗစ်အချိန်မှာ ဒီထက်ဆိုးတာတောင် ခုတ်ရတယ်ပေါ့။ ဒါကြောင့် ခုတ်တော့ခုတ်ရမယ်လို့ အဲ့လိုပြောတယ်။ နည်းနည်းရှေ့တိုး နောက်ဆုံးပေါ့၊ အဲ့လိုမျိုး ရှိမယ်ထင်တယ်” ဟု ၎င်း ပြောသည်။

အောက်တိုဘာ ၁၈ ရက်နေ့မှ စတင်ပြီး ကချင်-တရုတ်နယ်စပ် (KIO ထိန်းချုပ်နယ်မြေအတွင်းရှိ) လိုင်ဇာ (နားဘန်း)၊ ခါရှန်၊ ဆမာ့ (စီးမာ) ဂိတ်တို့ကို စစ်ဆေးရေးမြှင့်တင်ရန်ဟုဆိုကာ တရုတ်ဘက်ခြမ်းက ပိတ်လိုက်ပြီးနောက် လွယ်ဂျယ်၊ မိုင်ဂျာယန်အပါအဝင် အခြားသော ဂိတ်အချို့ကိုပါ တရုတ်ဘက်က ပိတ်လိုက်ခြင်းဖြစ်သည်။

လွယ်ဂျယ်ဒေသခံ ဈေးအရောင်းအဝယ်ကုန်သည်တစ်ဦးက “ဂိတ်ကတော့ ပြန်ဖွင့်ဖို့ လမ်းမမြင်ဘူးဗျ။ တရုတ်က တိုက်ပွဲတွေကြောင့် တော်လှန်ရေးတပ်တွေကို ဖိအားပေးတဲ့အနေနဲ့ ပိတ်တယ်လိုပဲမြင်တာပဲ။ ဒီကြံရာသီဆို ပုံမှန် ဒီမှာဆို အောက်ပိုင်းက တက်လာတဲ့သူတွေလည်းများတယ်။ အခုတော့ နယ်ခံတွေလောက်နဲ့ စစ်ရှောင်လာတဲ့သူတွေနဲ့ တချို့ ကြံခုတ်ဖြစ်မလားဆိုပြီး စောင့်နေတဲ့သူတွေလောက်ပဲရှိကြတယ်။ လူလည်း အရင်ကထက် ပါးသွားတယ်” ဟု ပြောသည်။

နယ်စပ်ဂိတ်များ ဆက်ပိတ်ထားပါက ကြံများအားအရှုံးခံကာ ကြံသကာထုတ်ရန်သာရှိတော့ကြောင်း လွယ်ဂျယ်မှ ကြံစိုက်တောင်သူများက ပြောသည်။

ကြံစိုက်တောင်သူတစ်ဦးက “စိုးရိမ်တော့ စိုးရိမ်တာပေါ့။ တကယ်လို့ မဖွင့်တော့ဘူးဆိုရင် တချို့အရင်းအနှီးရှိတဲ့ သူက ကြံသကာစက်ဝယ်ပြီးမှ ကိုယ့်ဟာကိုယ် ကြံသကာကြိတ်မှာပေါ့ အဲမျိုး ပြောကြတာပေါ့” ဟု ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က အောက်တိုဘာလအတွင်း၌ ကချင် – တရုတ်နယ်စပ်ရှိ စစ်ကောင်စီတပ်၊ ပြည်သူစစ်တပ်များနှင့် ဦးဇခုန်တိန့်ယိန့် ဦးဆောင်သည့် ကချင်နယ်ခြားစောင့်တပ်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့ချိန်ထိ ထိန်းချုပ်ထားခြင်း ဖြစ်သည်။

ကချင်ပြည်ရှိ တရုတ်နယ်စပ်ဂိတ်များဖြစ်သည့် လွယ်ဂျယ်၊ မိုင်ဂျာယန်၊ လိုင်ဇာ၊ ကန်ပိုက်တီ၊ ဖီမော်၊ ပန်ဝါ၊ ခါရှန်၊ စဂျီ၊ ပါဂျောင်၊ မံဝိန်းကြီးနှင့် ကန်ဖန်ဟူ၍ ၁၁ ဂိတ်ရှိရာ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များအား ဆက်လက်ပိတ်ထားပေးရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံတွင်ကျင်းပသည့် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတွင် တောင်းဆိုခဲ့သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here