တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွား၊ စစ်ရှောင်များတိုးလာပြီး စားနပ်ရိက္ခာပြတ်လပ်လာ

0
135

တနင်္သာရီမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲများအပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာတာကြောင့် စစ်ဘေးရှောင်များ တိုးလာပြီး စားနပ်ရိက္ခာပြတ်လပ်မှု ကြုံတွေ့လာနေရသည်ဟု စစ်ရှောင် ကူညီနေသူများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးအပတ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ခြောက်မိုင်ရွာ၊ ဆယ်အိမ်စု၊ ဘန်လော၊ ထုံတော်ရွာတို့မှ ယာယီစစ်ဘေးရှောင် ၇၀၀ ကျော် ရောက်ရှိလာတာကြောင့် နွေဦးမေတ္တာ အမြဲတမ်း စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦးရေ စုစုပေါင်း ၁၀၀၀ အထိ ရှိလာပြီဖြစ်သည်ဟု စစ်ရှောင်အရေး ကူညီနေသူ များက ပြောသည်။

စစ်ရှောင်တစ်ဦးလျှင် ဆန်နှင့်စားနပ်ရိက္ခာ ၁၅ ရက်စာ ထောက်ပံ့ပေးနေရာမှ ယာယီစစ်ဘေးရှောင်များ တိုးလာတာကြောင့် လက်ရှိတွင် စစ်ရှောင်သူများကို တစ်ပတ်စာသာ ဝေငှထောက်ပံ့ပေးနိုင်သဖြင့် စားနပ်ရိက္ခာ မလောက်ငှမှုရှိနေကြကြောင်း နွေဦးမေတ္တာ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

“ဆန်ဆိုရင် နည်းနည်းပါးပါးပဲ ထောက်ပံ့ပေးနိုင်တယ်။ အရင်ကဆို ၁၅ ရက်စာ ပေးထားတယ်။ အခုက တပတ်စာ ၅ ရက် အဲ့လောက်ပဲ ပေးနိုင်တယ်။ ကုန်ဈေးနှုန်းတွေကလည်း သူများမှာ ၅၀ ဆိုရင် ကျမတို့ဘက်က ၁၀၀ ပေးပြီး ဝယ်နေရတဲ့ အနေအထားလေ။ ပစ္စည်းဆိုလည်း ဘာမှမှာလို့မရဘူး ဆန်ဆိုသူတို့ မပေးတင်ဘူး။ သူတို့မပေးတင် လေ ဈေးပိုကြီးလေ၊ ရတဲ့နည်းနဲ့ သယ်ယူနေရတာပဲ။ မိုးရာသီဆိုလည်း နှာစည်း၊ ချောင်းဆိုးဆေး ဝယ်သောက် နိုင်ဖို့ကလည်း အနိုင်နိုင်ပါပဲ” ဟု ၎င်းက ဆိုသည်။

တဖက်တွင် စစ်ကောင်စီက တနင်္သာရီမြို့နယ်နှင့် ပုလော၊ သရက်ချောင်းမြို့နယ်တို့တွင် စားနပ်ရိက္ခာ သယ်ယူတင်သွင်းခွင့်ကို ပိတ်ဆို့ကန့်သတ်ထားခြင်းကြောင့် ကန့်သတ်နယ်မြေ စစ်ရှောင်စခန်းတို့တွင် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည့်အပြင် ဈေးနှုန်းအဆမတန်နှင့် ဝယ်ယူနေရသည်ဟု စစ်ရှောင်ကူညီနေသူများက ပြောသည်။

တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု ၆ မိုင် ကျေးရွာတွင် သြဂုတ် ၂၆ မှ စ၍ လေးရက်ကြာ တိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပြန်လည်ဆုတ်ခွာသွားသော်လည်း၊ စစ်ကြောင်း မကြာခဏ ဝင်ရောက်မှု၊ လေယာဉ်နှင့် ဗုံးကြဲမှုကြောင့် ဒေသခံများမှာ နေရပ်မပြန်နိုင်ဘဲ ဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

နွေဦးမေတ္တာစစ်ရှောင်စခန်းတွင် ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက “စစ်ကြောင်းထိုးလိုက်၊ တိုက်ပွဲဖြစ်လိုက် ၊ လက်နက်ကြီးပစ်လိုက်နဲ့ ၆ မိုင်က ရွာသားတွေ ရွာမှာနေလို့မရတော့ ရွာလုံးကျွတ် တိမ်းရှောင် လာတယ်။ ကျောက်လုံးကြီးဘက်က လေယာဉ်နဲ့ ဗုံးခဏခဏ လာချနေတော့ ရွာကိုဖြတ်ပြီးမှ သွားတာဆိုတော့ သူတို့က လာပြီး ကမ်းလှမ်းထားတော့ တာဝန်ယူပေးထားတယ်။ အမြဲတမ်းစစ်ရှောင်ရွာနဲ့ဆို အားလုံးပေါင်း ၁၄ ရွာ ရှိလာတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ထိုးစစ်ဆင်မှု လျော့ကျခြင်းမရှိသည့်အပြင် အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုး ဆက်တိုက်ဝင်ရောက်လာသည့်အတွက် စစ်ရှောင် ၆၃,၆၀၀ ကျော်အထိ တိုးလာသည်ဟု ဒေသတွင်း သုတေသနအဖွဲ့ တစ်ခုဖြစ်သည့် Fe 5 Tanintharyi ၏ ဇူလိုင်လအစီရင်ခံစာအရ သိရသည်။

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး ဆေးဝါးနှင့်စားနပ်ရိက္ခာ သယ်ဆောင်ခွင့် လုံးဝပိတ်ပင် ကန့်သတ်ထားသဖြင့် ယင်းဒေသရှိ စစ်ရှောင်များ အခက်ခဲများစွာ ကြုံတွေ့နေရသည်ဟု သိရှိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here