တနင်္သာရီတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ဒေသခံရွာသားတစ်ဦးသေဆုံး

0
375
ပုံစာ - လက်နက်ကြီးကျည်ကြောင့် ဒေသခံရွာသားတစ်ဦးသေဆုံး။(Photo -CJ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီအခြေစိုက် စစ်ကောင်စီ အမှတ် (၃၀၆) အမြောက်တပ်သည် စက်တင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက အရှေ့မော်တုန်းကျေးရွာထဲသို့ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ၁၀ လုံး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ရွာသားများက ဆိုသည်။

ယင်းသို့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ဒေသခံနေအိမ် ၂ လုံး ထိခိုက်ပျက်စီး ခဲ့သည့်အပြင် အသက် ၃၀ အရွယ် ဒေသခံတစ်ဦး ကျည်ထိမှန်ပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့သည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်ကြောင့် အရှေ့မော်တုန်း၊ ထုံနွယ်၊ ဘန်းလမွတ် အပါအဝင် ဇလုံးကျေးရွာက ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောပါသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့က အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၅၆ တပ်ရင်းက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့တာကြောင့် ဗောဓိကမ်းကျေးရွာရှိ ဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီး၂ ပါး ထိခိုက်ဒဏ်ရာရခဲ့သည်။

တနင်္သာရီတိုင်းတွင် သြဂုတ်လအတွင်း နှစ်ဖက်တပ်အကြား တိုက်ပွဲများအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အရပ်သား ၂၀ နီးပါး သေဆုံးခဲ့ကြောင်း ဒေသတွင်း သုတေသနအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here