တနင်္သာရီတွင် စစ်ကောင်စီလက်နက်ကြီးကျည်ကျလို့ အမျိုးသမီးတစ်ဦးသေဆုံး

0
113
Photo - CJ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က တနင်္သာရီမြို့အခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ၅ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ရာက လယ်တောင်ယာကျေးရွာထဲ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုသို့သေဆုံးခဲ့ရခြင်းဖြစ်သည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် လယ်တောင်ယာကျေးရွာရှိ လယ်ထဲကတဲအိမ်တွင် အိပ်နေသည့် အသက် ၅၃ အရွယ် ဒေါ်ပိန် လက်နက်ကြီးကျည် စထိမှန်ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက် လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သူအမျိူးသမီးကို မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေစဉ် စက်တင်ဘာ ၄ ရက်နေ့တွင် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်နက်ကြီးကျည် ထိမှန်မှုကြောင့် သေဆုံးသွားသူအမျိုးသမီးသည် လယ်ယာလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး သားသမီး ၄ ဦး ကျန်ရစ်ခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ အိန္နားပြင်ကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးခဲ့သေးသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here