တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာထဲသို့ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့က ဗောဓိကမ်းကျေးရွာရှိ ရဲကင်းစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်က ကျေးရွာထဲသို့ လက်နက်ကြီးဖြင် အဆက်မပြတ် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ဘန်လောကျေးရွာထဲတွင် ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၅၀ အရွယ်နီးပါး ဒေသခံအမျိုးသမီးနှစ်ဦး ခြေထောက်တွင် လက်နက်ကြီး ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။
လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးများကို လူမှုကယ်ဆယ်ရေးအဖွဲ့က နီးစပ်ရာတိုက် နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
တော်လှန်ရေးအင်အားစုများ အားကောင်းသည့် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်သည် ကျေးရွာများထဲသို့ နေ့စဉ်နှင့်အမျှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ကျုးလွန်းနေကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တနင်္သာရီမြို့နယ် အတွင်း ဒေသခံ ၃ ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
သံလွင်တိုင်းမ် ပေးပို့သည်။