27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းတနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်းသေဆုံး

တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်းသေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တစ်ရက်အတွင်း ၄ ကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မြိတ်ခရိုင် အမှတ် (၂) တပ်ရင်းထံက သိရသည်။

အင်အား ၆၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းသည် တနင်္သာရီမြို့နယ်၊ လယ်တောင်ယာကျေးရွာကနေ တမုတ်ချုံကျေးရွာဘက်ကို စစ်ကြောင်းထိုးလာချိန် ပြီးခဲ့သည့် မေ ၂၃ ရက်နေ့ မနက် ၄ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် နောက်ထပ်စစ်ကူတပ်လာသည့် စစ်ကောင်စီတပ်သား ၃၀ ဦး ဝန်းကျင်ကိုလည်း ယင်းနေ့ မနက်ပိုင်း၊ နေ့လည်ပိုင်းနှင့် ညနေပိုင်းတို့တွင် ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် အမှတ် (၂) တပ်ရင်းက ပြောသည်။

ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်စီတပ်သား ၇ ဦး ထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြိတ်ခရိုင် အမှတ် ၂ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါသည်။

လက်ရှိတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် တမုတ်ချုံကျေးရွာတွင် ရောက်ရှိနေပြီး ကျေးရွာအတွင်း တပ်စွဲနေထိုင်နေသည်ဟု တော်လှန်ရေးအင်အားစုတို့၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲတို့ကြောင့် လယ်တောင်ယာကျေးရွာနှင့် တမုတ်ချုံကျေးရွာက ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၈ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာကနေ ချောင်းနှစ်ပေါက်ကျေးရွာကိုလာသည့် စစ်ကောင်စီတပ်ကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။