တနင်္သာရီတိုင်း၊ ပုလော၊ သရက်ချောင်း၊ ထားဝယ်နှင့် ရေဖြူ မြို့နယ်တို့တွင် ယခုလအတွင်း ဒေသခံ နေအိမ်များ ခပ်စိပ်စိပ် မီးရှို့ဖျက်ဆီးခံရကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူများက ပြောသည်။
ကျေးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်လာစဉ် ဒေသခံများက PDF တွေကို သတင်းပေးခြင်း၊ထောက် ခံအားပေးခြင်းနှင့် ကူညီထောက်ပံမှုများ လုပ်ဆောင်နေသည်ဟူသော စွပ်စွဲချက်များဖြင့် ဒေသခံတို့၏ နေအိမ် များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးကျူးလွန်နေခြင်း ဖြစ်သည်ဟု ပကဖ တာဝန်ရှိသူများက ပြောသည်။
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ကျေးရွာများသည် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို တိုက်ပွဲဖြစ်ပြီးနောက် အများဆုံး မီးရှို့ဖျက်ဆီးခံလိုက်ရသည်ကို တွေ့ရသည်။
လက်လှမ်းမီသလောက် ပြုစုထားသည့် အချက်အလက်များအရ အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၀ ရက်နေ့ အထိ ၁၀ ရက်အတွင်း တနင်္သာတိုင်းတွင် အရပ်သားပြည်သူပိုင် နေအိမ် ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။
တနင်္သာရီတိုင်း ပကဖတာဝန်ရှိသူတစ်ဦးက စစ်ကောင်စီတပ်၏ လုပ်ရပ်ဟာ ပြည်သူများအပေါ် အကြောက်တရား သွင်းနေတာဖြစ်ပြီး PDF များအပေါ် ပြည်သူတွေက စိတ်ကုန်အောင် တမင်ရည်ရွယ်ချက်နှင့် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပြောသည်။
အနီးစပ်ဆုံးအနေဖြင့် အောက်တိုဘာ ၁၀ ရက်နေ့က ရေဖြူမြို့နယ်၊ ပုဂေါဇွန်း၊ ရလိုင်ကျေးရွာထဲသို့ စစ်ကောင်စီ တပ် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ် ၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်ကို တွေ့ရသည်။
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပုလောမြို့နယ်ထဲမှ နေအိမ် ၃၃ လုံး၊ ရေဖြူမြို့နယ်တွင် နေအိမ် ၅ လုံး၊ သရက်ချောင်းမြို့နယ်တွင် နေအိမ် ၂ လုံး၊ စုစုပေါင်း နေအိမ် ၄၀ ထက်မနည်း မီးရှို့ ဖျက်ဆီး ခံခဲ့ရကြောင်း ဒေသအခြေစိုက် သုတေသနအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။