တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်မတ်လအတွင်း စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့တို့၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ၃၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသတွင်းသုတေသနအဖွဲ့ဖြစ်သည့် FE5 Thaninthatyi က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လတစ်လအတွင်း တနင်္သာရီတိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သားများ သေဆုံးခဲ့ရသည်ဟု ဆိုသည်။
တိုက်ပွဲပြင်းထန်နေသည့် တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာတဝိုက် စစ်ကောင်စီတပ်က ရက်ရှည် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး အများစုသည် လက်နက်ကြီး ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီသတ်ဖြတ်မှုကြောင့် စစ်ရေးတင်းမာနေသည့် တနင်္သာရီမြို့နယ်တွင် အရပ်သားပြည်သူ ၈ ဦးအထိ သေဆုံးခဲ့သည်ဟု FE 5 Thaninthatyi ၏ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
တဖက်တွင်လည်း တော်လှန်ရေးအင်အားစုတို့၏ ဒလန်ရှင်းလင်းရေးကြောင့် ပုလောမြို့နယ် ပျူစောထီးခေါင်းဆောင်တစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်က အရပ်သားများကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခဲ့သူဦးရေ ၃၃၄ ဦးထက်မနည်းရှိခဲ့ပြီး ၆၃ ဦးမှာ ပြန်လည်လွတ်လာခဲ့သည်ဟု FE 5 Thaninthatyi ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် သုံးနှစ်တာအတွင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၇၂၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း FE 5 Thaninthatyi အစီခံစာတွင် ဖော်ပြပါရှိသည်။
သံလွင်တိုင်းမ် ပေးပို့သည်။