29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းတနင်္သာရီတိုင်းက ဒေသသုံးခုအား စစ်ကောင်စီက စက်သုံးဆီနှင့် စားသောက်ကုန်သယ်ယူခွင့် ပိတ်ပင်ထား

တနင်္သာရီတိုင်းက ဒေသသုံးခုအား စစ်ကောင်စီက စက်သုံးဆီနှင့် စားသောက်ကုန်သယ်ယူခွင့် ပိတ်ပင်ထား

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ လောင်းလုံးမြို့၊ သရက်ချောင်းမြို့နှင့် ထားဝယ်အရှေ့တောဒေသတို့ကို စစ်ကောင်စီဘက်က စက်သုံးဆီနှင့် စားသောက်ကုန် သယ်ယူခွင့်ပိတ်ပင်ထားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ဧပြီလ စတုတ္ထအပတ်ကစ၍ ထားဝယ်မြို့အထွက် စစ်ဆေးရေးဂိတ်များဖြစ်သည့် ကမြောကင်းတံတား၊ ဗျောတောဝ၊ ပေါက်တိုင်းဂိတ်၊ အိမ်ရှေ့ပြင်ဂိတ်တို့တွင် စက်သုံးဆီနှင့် စားသောက်ကုန် သယ်ယူခွင့်ပိတ်ပင်ကာ စစ်ဆေးသိမ်းယူနေသည်ဟု ဒေသခံတို့က ပြောသည်။

ဒေသခံတို့ ပြောဆိုမှုအရ အဆိုပါ စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့တွင် စက်သုံးဆီနှင့် စားသောက်ကုန် တင်ဆောင်လာပါက တင်းကြပ်သိမ်းယူနေသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ပိတ်ပင်မှုကြောင့် ထားဝယ်အရှေ့တောဒေသ၊ လောင်းလုံးမြို့နှင့် သရက်ချောင်းမြို့နယ်တို့တွင် စားသောက်ကုန်နှင့် စက်သုံးဆီ လိုအပ်ချက်တို့ရှိလာနေပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ ပစ္စည်းပြတ်လပ်မှု ရှိနေသည်။

လတ်တလောတွင် ကျေးရွာများရှိ စားရိက္ခာ၊ စက်သုံးဆီတို့ကို အသုံးပြုနေရပြီး ရေရှည်ပိတ်ထားပါက ဒေသခံတို့အတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း ပြောဆိုကြသည်။

စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုကြောင့် ယင်းဒေသတွင် ကုန်ပစ္စည်းတမယ်လျှင် အနည်ဆုံး ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်လာပြီး စက်သုံးဆီလီတာ ကျပ် ၅၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည်ဟု ဆိုသည်။

စစ်ကောင်စီဘက်က စက်သုံးဆီနှင့် စားသောက်ကုန် သယ်ယူခွင့်ပိတ်ပင်ထားသည့် ထားဝယ်အရှေ့တောဒေသနှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများလည်း နေ့စဉ်ဖြစ်ပွားနေသလို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲပစ်ခတ်မှုတို့ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

တဖက်တွင်လည်း စစ်ကောင်စီက စက်သုံးဆီကို ထားဝယ်မြို့တွင်းကနေလွဲပြီး မြို့ပြင်ပကို သယ်ယူရောင်းချခြင်း မလုပ်ကြရန် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များကို ဖိအားပေးတားမြစ်ထားသည်ဟု ဒေသခံများက ပြောသည်။

သံလွင်တိုင်းမ် ပေးပို့သည်။