ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ချင်းအမျိုးသားတပ်မတော် (CNF/CNA) ဦးဆောင်သည့် ချင်းပူးပေါင်းတပ်ဖွဲ့နှင့် ဇိုမီးတော်လှန်ရေးတပ် (ZRA- EC) တို့ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး ZRA စခန်း ၂ ခုကို သိမ်းပိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
“ချင်းပြည်မြောက်ပိုင်းက မြို့ထဲမှာရှိနေတဲ့ အထိုင်စခန်းတစ်ခုကို စစ်ဆင်ရေးလုပ်ဖို့ အသွားမှာ အဲဒီလမ်းတစ်ဝက်မှာ ZRA က ကျနော်တို့ကို ကြားဖြတ်ပြီး မိုင်းထောင်တိုက်ခိုက်တယ်။ အဲဒါနဲ့ သူတို့ကို ရှင်းတာက အကောင်းဆုံးပဲဆိုပြီးတော့ ကျနော်တို့ စခန်းထိသွားရှင်းလင်းခဲ့တာ ဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
ဆက်လက်ပြီး ၎င်းက “အဲဒီအနားမှာ ကျနော်တို့ရဲ့စစ်ဆင်ရေးလမ်းကြောင်းပေါ်မှာ သူတို့က ရှိနေတဲ့အတွက် ကျနော်တို့က ပြန်တိုက်ခိုက်နေတာ ဒီနေ့နဲ့ဆိုရင် ၃ ရက်မြောက်မှာ စခန်း ၂ ခုကို သိမ်းလိုက်တယ်” ဟု ဆိုသည်။
ချင်းပြည်မြောက်ပိုင်းက မြို့တစ်မြို့ကို စစ်ဆင်ရေးပြုလုပ်ရန် CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်က ပြင်ဆင်ဆောင်ရွက်စဉ် မေလ ၁ ရက်နေ့က Zomi Revolutionary Army- Eastern Command (ZRA-EC) က မိုင်ဆွဲ၍ ချုံခိုတိုက်ခိုက်မှုနှင့်အတူ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ကြသည်ဟု ဆိုသည်။
ယင်းတိုက်ပွဲတွင် ZRA- EC ၏ စခန်းငယ်တစ်ခုဖြစ်သည့် အဲလိဇာတ်စခန်းကို ချင်းပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ ကြောင်း သိရသည်။
ထို့နောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး မေလ ၄ ရက်တွင် အင်အား ၅၀ ခန့်ရှိသော ZRA- EC ၏ အထိုင်စခန်းချထားသည့် မွာလ်လွန်းကျေးရွာအနီးက Carmel စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ZRA- EC တပ် ဘက်မှ စခန်းကို စွန့်ခွာသွားရကြောင်း သိရသည်။
၃ ရက်တာ တိုက်ပွဲအတွင်း CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၁ ဦးကျဆုံးပြီး ZRA – EC တပ် ဘက်မှ ရဲဘော် ၃ ၊ ၄ ဦးခန့် ကျဆုံးကြောင်းနှင့် နှစ်ဖက်ထိခိုက် ဒဏ်ရာရရှိမှုများလည်းရှိကြောင်း သိရသည်။
ဆလိုင်းထက်နီက “ကျနော်တို့က ကိုယ့်အချင်းချင်း တိုက်တာတွေ မလိုချင်ဘူး။ ဒါပေမယ့် စစ်ကောင်စီကို ချင်းလဲန်းကနေ ကင်းစင်ရေး ချေမှုန်းရေးမှာတော့ အဲလိုဟန့်တားနှောက်ယှက်မှုကို ဖြစ်လာရင်တော့၊ မပူးပေါင်း ချင်ရင်တော့ မနှောင့်ယှက်ဖို့ မေတ္တာရပ်ခံချင်တယ်။ ပြည်သူနဲ့ ပူးပေါင်းပေးကြပါ။ ကျနော်တို့ကတော့ ကျနော်တို့ လိုချင်တာရတဲ့အထိ သွားမှာဖြစ်တယ်” ဟု ပြောသည်။
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်၊ တွန်းဇံ၊ ကျီခါး နယ်မြေတွင် လှုပ်ရှားနေသော ဇိုမီးတော်လှန်ရေးတပ် (ZRA-EC) သည် ယခင်ကလည်း စစ်အာဏာရှင်စနစ်ကိုတော်လှန်နေသော ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် PDA , PDF-Zoland နှင့် CDF-Hualngoram တပ်စခန်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ချင်းအမျိုးသား တပ်မတော် CNA အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
KMG ပေးပို့သည်။